ကွတ်ခိုင်မြို့တွင် MNDAA မှ ဒေသခံအမျိုးသား ၂ ဦးကို ရိုက်နှက်ခြင်းကြောင့် အပြင်းအထန် ဒဏ်ရာရ
ှမ်းမြောက် တအာင်းတပ်မတော် (PLSF/TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ် မန်နှီမ်ကျေးရွာအုပ်စု ငေါ့ငါးကျေးရွာတွင် ကိုးကန့်တပ်မတော် (MNDAA) မှ ဒေသခံအမျိုးသား ၂ ဦးကို ရိုက်နှက်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု သတင်းသိရှိရသည်။
ယနေ့ ၂၀ ရက်နေ့ မနက် ၂ နာရီအချိန်တွင် တပ်သားအင်အား ၂၅၀ ခန့်ရှိသည့် ကိုးကန့်တပ်မတော် (MNDAA) သည် မိုင်းယုလေးကျေးရွာဘက်မှ ငေါ့ငါးကျေးရွာသို့ ဦးတည်တက်လာပြီး တအာင်းတပ်မတော် ရှိရာတပ်စခန်းတွင် တပ်စွဲထားသည့် တပ်သားများကို ဖယ်ရှာပေးရန် ပြောဆိုနေစဉ် တပ်အချင်းချင်းကြားတွင် အငြင်းပွားမှုဖြစ်ပွားခဲ့ရာမှ ကိုးကန့်တပ်သားများ၏ ရိုက်နှက်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။
ငေါ့ငါးဒေသခံ အမျိုးသားတစ်ဦးမှ “MNDAA အဖွဲ့က ရွာမှာ အိမ်တွေလိုက်ပတ်ရမ်းတာ၊ အဲဒီအချိန် သူက အိမ်ကနေ ဘုန်းကြီးကျောင်းဖက် တက်သွားတာ၊ သူလမ်းမှာ ရိုက်ခံလိုက်ရတာဖြစ်တယ်၊ စစ်သားမဟုတ်တဲ့ ရွာသားတွေက ၂ ယောက်ရိုက်ခံရတာ၊ ၁ ယောက်ကသူအများကြီး မထိဘူး၊ သူတို့ကို စစ်သားတွေက တုတ်တွေ ဓားတွေနဲ့ ပြင်ပြားနဲ့ရိုက်တယ်၊ သူ့ကိုတော့ မဖမ်းထားဘူး၊ လက်ထိပ်လည်းမခတ်ပါဘူး ” ဟု တအာင်းအမျိုး သမီးအဖွဲ့အစည်းကို ပြောပါသည်။
လက်ရှိတွင် ၎င်းရိုက်နှက်ခံရသည့် အမျိုးသားသည် ဘယ်ခြေထောက်အရိုးထိပြီး ဒဏ်ရာပြင်းထန်နေသောကြောင့် ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသနေရသည်ဟု ထိုအမျိုးသားမှ ဆက်ပြောသည်။
ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) တို့အကြားတွင် ပြီးခဲ့သည့် ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့ပြည်ထောင်စု လမ်းမကြီးပေါ်တွင် MNDAA မှ တပ်ဆင်ထားသည့် CCTV များကို လိုက်လံဖြုတ်သိမ်းရာမှ နှစ်ဖက်အကြား ဖမ်းဆီးမှုနှင့် ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ယနေ့အချိန် အပြန်အလှန်ဖမ်းဆီးမှုဖြစ်ပြီး နှစ်ဖက်တပ်အကြား တင်းမာမှု ဖြစ်ပွားနေလျက်ရှိသည်။

“ မနေ့ သိန်းနီကနေ တောက်လျှောက် ကိုးကန့်ဂိတ်က ၃ပေတစ်ဂိတ်လောက်ကို ဂိတ်ထားထားနေတာ၊ လမ်းမကြီးအလယ်မှာ စားပွဲထားပြီး ဂိတ်ချတာ၊ ပစ္စည်းတွေ ကြည့်စစ်တယ်၊ မင်းတို့ကစစ်သားတွေလား ဘာညာမေးတယ်၊ အဓိက ဘာလူမျိုးလဲစစ်ဆေးတာ၊ ကားအနောက်က ထိုင်နေတဲ့ မိန်းကလေးတွေက စစ်သားလားတဲ့ မေးတာ” ဟု သိန္နီဘက်ကို ခရီးသွားလာနေတဲ့ ခရီးသယ်အမျိုးသမီးတစ်ဦးထံမှ သိရသည်။
တအာင်းတပ်နှင့် ကိုးကန့်တပ်အကြား အခြေအနေတင်းမာနေမှုကြောင့် ဂိတ်တွင် တအာင်းလူမျိုးများကို အဓိကထားဦးတည်ပြီး စစ်ဆေးမေးမြန်းမှုများ တင်းကြပ်နေကြောင်း သိရသည်။
ကိုးကန့်တပ်သားများသည် ရိုက်နှက်ခံရသည့် အမျိုးသားကို တောင်းပန်ခြင်းမရှိသည့်အပြင် ဆေးဖိုးဝါးခ ကူညီပေးခြင်းလည်း မရှိဟု သိရပါသည်။
ဤဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကာယကံရှင်(တာကူန်ထာတ်) အနေဖြင့် မည်သည့်နေရာမှ တိုင်ကြားထားခြင်းမရှိဟု လည်း ၎င်းအမျိုးသားမှ ထပ်ပြောပါသည်။




Leave a Reply
Want to join the discussion?Feel free to contribute!