နောင်ချိုမြို့နယ်တွင်အမျိုးသားတစ်ဦးကြံခုတ်ရင်းမိုင်းနင်းမိပြီးခြေတစ်ဖက်ပြတ်ထွက်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်တောကျေးရွာအုပ်စု ယာပြင်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးမှ ကြံခုတ်နေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု သိရပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်း ၁၂ ခွဲအချိန်၌ ကျေးရွာနှင့် ၂ မိုင်ခွဲခန့် အကွာအဝေးရှိသည့် ကြံခင်းတစ်နေရာတွင် ဦးအောင်နိုင်ဝင်း အသက် ၃၈ နှစ်သည် ကြံခုတ်ရင်း မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်ပါသည်။
ဇနီးဖြစ်သူမှ “မိုင်းအမျိုးအစားကတော့ မြေမြှုပ်မိုင်းဖြစ်တယ်၊ သူနင်းမိတဲ့ချိန်က သူ့ဘေးမှာ လူတော့ရှိတယ်၊ ဒါပေမယ့်ထိတာတော့ သူတစ်ယောက်ဘဲ၊ နင်းမိတဲ့နေရာက ကြံခင်းရဲ့ ခြံစည်းရိုးနားဖြစ်တယ်၊ အရင်ကလည်း ဒီနေရာမှာ မိုင်းနင်းမိပြီး သေသွားတဲ့သူရှိတယ် ” ဟု TWO ကို ပြောပါသည်။
အဆိုပါ မိုင်းနင်းမိသည့် နေရာသည် ယခင်တိုက်ပွဲဖြစ်ပွားစဉ်တွင် တအာင်းတပ်မတော် (TNLA) အပြင် PDF တပ်ဖွဲ့နှင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲခဲ့သည့် နေရာဖြစ်ပြီး မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ထောင်ထားသည့် မြေမြှုပ်မိုင်းဖြစ်ကြောင်းကို တိကျမသိရဟု ၎င်းမှ ဆက်ပြောပါသည်။
လက်ရှိတွင် မြေမြှုပ်မိုင်း နင်းမိသည့် ဦးအောင်နိုင်ထွေးသည် ဘယ်ခြေထောက်နှင့် ပေါင်ရင်းအထိ ဖြတ်လိုက်ရပြီး ညာခြေထောက်ပါ ဒဏ်ရာပြင်းထန်ရရှိထားသောကြောင့် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးကုသစရိတ်ပါ အခက်အခဲရှိနေကြောင်း သိရပါသည်။










Leave a Reply
Want to join the discussion?Feel free to contribute!