ယာပြင်ကျေးရွာတွင်အမျိုးသားတစ်ဦးမိုင်းနင်းမိပြီးခြေထောက်ဖြတ်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်တောကျေးရွာအုပ်စု ယာပြင်ကျေးရွာနေ အမျိုးသားတစ်ဦးသည် ကြံခင်းအတွင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည်ဟု ဇနီးဖြစ်သူ၏ ပြောပြချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၃၀ ရက် ဇွန်လ ၂၀၂၆ ခုနှစ် ညနေ ၂ နာရီဝန်းကျင်၌ ဦးခင်မောင်ဦးသည် ကျေးရွာနှင့် နာရီဝက်အကြာ ဆိုင်ကယ်မောင်းနင်းရသော ကြံခင်းတစ်နေရာတွင် ကြံခင်းအတွင်း ကစဉ်းခုတ်နေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။

ဇနီးဖြစ်သူမှ “အဲကြံခင်းမှာ အမြဲတမ်းသွားလာတာရှိတယ်၊ ကစဉ်းရှိတဲ့ဖက်တော့မသွားဖူးဘူး၊ ကြံခင်းထဲမှာ သုံးယောက်အတူတူသွားကြတယ်၊ နင်းမိတာက ကျမအယောကျာ်းဖြစ်တယ်၊ ဒဏ်ရာရတာလဲ သူတစ်ယောက်ထဲဘဲပေါ့နော်၊ နင်းမိတဲ့နေရာကနေ နောင်ချိုဆေးရုံအထိ ဆိုင်ကယ်နဲ့ သွားတယ်၊ နောင်ချိုဆေးရုံမှာ ခဏကုသပြီး လူမှုကူညီရေးအသင်းကားနဲ့ ပြင်ဦးလွင်ဆေးရုံကို သွားခဲ့ရတယ်၊ သူ့ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

အထက်ပါ မိုင်းနင်းမိသည့်နေရာသည် ယခင်တွင် တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာလည်းဖြစ်ကြောင်း ဇနီးဖြစ်သူမှ ဆက်ပြောပါသည်။

လက်ရှိတွင် ဦးခင်မောင်ဦးသည် ဘယ်ဖက်ဒူးအောက်ခြေထောက် ဖြတ်လိုက်ရပြီး ဆေးရုံဆင်းရသော်လည်း မည်သည့်အလုပ်မှ မလုပ်နိုင်တော့ကြောင်းသိရပါသည်။