နောင်ချိုတွင် လယ်ယာလုပ်ကိုင်စဉ် မပေါက်ကွဲသေးသည့် လက်နက်ပစ္စည်းခုတ်မိ၍ ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိ

အကြမ်းဖက်စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းခုတ်မိရာမှ ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရပါသည်။

ပြီးခဲ့သည့် ၂၃ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်၌ နောင်ချိုမြို့နယ် ဉာဏ်တောကျေးရွာနေ မောင်မင်းသစ်ဦးသည် လယ်ယာတွင် လယ်ကစဉ်းရှင်းလင်းရာမှ မပေါက်ကွဲသေးသည့် လက်နက်ပစ္စည်းတစ်ခုကို ခုတ်မိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးတစ်ဦးမှ “လယ်ယာမှာတော့ သူတစ်ယောက်ထဲရှိတယ်၊ ဘေးပတ်ဝန်းကျင်က ပေါက်ကွဲတဲ့အသံကို ကြားရလို့ သူ့ကို လာကြည့်ပြီး ရွာကို ပြန်ပို့ခဲ့တယ်၊ ပြီးမှ ရွာကနေတစ်ဆင့် ကူညီရေးအသင်းက ဆေးရုံကို ကားနဲ့ လိုက်ပို့ပေးခဲ့တယ်” ဟု ပြောပါသည်။

အဆိုပါ လယ်ယာသည် ဉာဏ်တောကျေးရွာနှင့် ၁ နာရီအကြာလောက် သွားရပြီး 1027 စစ်ဆင်ရေးကာလတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြစ်ကြောင်းလည်း ၎င်းအမျိုးသမီးမှ ဆက်ပြောပါသည်။

မောင်မင်းသစ်ဦးသည် လက်နှစ်ဖက်စလုံးတွင် ဒဏ်ရာရသည့်အပြင် ဝမ်းဗိုက်နှင့် မျက်နှာပါထိခိုက်ပြီး လက်ရှိချိန်ထိ မျက်လုံးမဖွင့်နိုင်သေးတာကြောင့် ခွဲစိပ်ခန်းဝင်ရန် လိုအပ်နေပြီး လက်ရှိတွင် မောင်မင်းသစ်ဦးသည် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးကုသစရိတ်ပါ လိုအပ်နေကြောင်း သိရပါသည်။