နောင်ချိုတွင်အမျိုးသားတစ်ဦးကြံစိုက်ရင်းနင်းမိပြီးခြေထောက်ဖြတ်ရ
ှမ်းပြည်နယ်မြောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီ ပြန်လည်ထိန်းချုပ်သည့် နောင်ချိုမြို့နယ် ဈေးကုန်းကျေးရွာတွင် အမျိုးသားတစ်ဦး ယာခင်းထဲ ကြံစိုက်ရင်း မြေမြှပ်မိုင်းနင်းမိကာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ဒေသခံမှတစ်ဆင့် သိရပါသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁ ရက် ၂၀၂၆ ခုနှစ် မနက် ၉ နာရီခွဲဝန်းကျင်တွင် ဦးမျိုးထက်လွင်သည် ရွာနှင့် တစ်မိုင်လောက်ကွာဝေးသည့် တောင်ယာထဲတွင် ကြံစိုက်ရင်း နင်းမိခြင်း ဖြစ်ပါသည်။
ဒေသခံအမျိုးသားတစ်ဦးမှ “အဲဒီတောင်ယာထဲတော့ သူတစ်ယောက်ဘဲရှိတယ်။ သူမိုင်းနင်းမိတဲ့ချိန်မှာ အနီးနားက တောင်သူတစ်ဦးကြားရလို့ သွားထမ်းပြီး ခေါ်လာတာပါဗျ။ ရွာကနေတစ်ဆင့် နောင်ချိုကနေ ပြင်ဦးလွင်ဆေးရုံသို့ ပရဟိတ အသင်းက ကူပြီး ပို့ပေးတာပါဗျ။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

အဆိုပါ မိုင်းနင်းမိသည့် ဦးမျိုးထက်လွင်သည် ဘယ်ဘက်ခြေထောက်ဒဏ်ရာနှင့် ညာဘက်ခြေထောက်ဒူးတွင် ထိခိုက်ထားပြီးညာဘက်ဒူးအထက်ပိုင်းတွင် ဖြတ်လိုက်ရသည့်အပြင် ဘယ်ဖက်မျက်လုံးပါ မိုင်းထိထားသည့် ဒဏ်ရာဖြင့် မျက်လုံးကွယ်နေသည်ဟုသိရသည်။
နောင်ချိုမြို့ရှိ ကျေးရွာဖက်ပိုင်းတွင် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်နေကြပြီး စားဝတ်နေရေးအခက်အခဲကိုဖြေရှင်းနေရသော်လည်း လက်ရှိတွင် မိရိုးဖလာဖြစ်သည့် တောင်ယာအလုပ်ကို မြေမြှပ်မိုင်းကြောင့် မလုပ်ရဲ မကိုင်ရဲ ဖြစ်နေသည်ဟုအထက်ပါ အမျိုးသားမှ ဆက်ပြောပါသည်။
ယနေ့အချိန်ထိ ကိုမျိုးထက်လွင်သည် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသလျက်ရှိပြီး ဆေးကုသစရိတ် လိုအပ်နေသည်ဟု သိရသည်။




