သီပေါ တုံစင့်ရွာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်
ရှမ်း/မြောက် တအာင်းတပ်မတော် ထိန်းချုပ်ထားသည့် သီပေါမြို့နယ် တုံစင့်ကျေးရွာတွင် အမျိုးသားတစ်ဦးမှ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပါသည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် အသက် ၅၀ နှစ်အရွယ် ကိုထွန်းထွန်းဆိုသူသည် လမ်းမပေါ်မှတစ်ဆင့် အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းဟောင်းဖြစ်သည့် (၂၃) တပ်အတွင်းသို့ ငှက်လှမ်းပစ်ရာကနေ မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။
“သူ့ကလမ်းပေါ်ကနေ ငှက်လှမ်းပစ်တာ ငှက်က တပ်ထဲ ပြုတ်ကျပြီး သွားကောက်တဲ့အချိန်မှာ မိုင်းနင်းမိသွားတယ်၊ ခြေနှစ်ဖက်စလုံးမှာ ဒဏ်ရာရတယ်၊ ညာခြေထောက်တစ်ဖက်ပြတ်တယ်၊ သူ့မိန်းမကသေသွားပြီ၊ ဆွေးမျိုးတွေမရှိဘူး၊ ဆေးကုဖို့ အခက်အခဲရှိတယ်၊သူ့နဲ့သူ့သားပဲရှိတယ် သူ့ရဲ့သားလည်း ကိုရင်ဝတ်နေတယ် ” ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
အဆိုပါ မိုင်းနင်းမိသည့် အမျိုးသားဟာ ဧရာဝတီတိုင်းဘက်မှ ဇာတိဖြစ်ပြီး လက်ရှိမှာတော့ ကွန်လုံဆေးရုံကို ဆေးကုသရန်အတွက်ပို့ဆောင်ပေးခဲ့ပါသည်။
#မြေမြုပ်မိုင်း
#သီပေါ
#ခြေပျက်ဒဏ်ရာရ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း