နောင်ချို အုမ္မတီးရွာခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိ

ရှမ်း/မြောက် အကြမ်းဖက်စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသော နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် ဒေသခံအမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခြင်းကြောင့် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ရသည်ဟု သိရသည်။ 

ဖြစ်စဉ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ခြံဝန်းအတွင်းတွင် သန့်ရှင်းရေး ပြုလုပ်ရာမှ မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးမှ TWO ကို ပြောလာပါသည်။

“ တိုက်ပွဲ ဖြစ်တော့ ကျနော်တို့ အိမ်မှာမနေဘူး၊ တိုက်ပွဲမရှိတဲ့ တခြားရွာမှာ သွားနေကြတာ၊  အိမ်ပြန်နေမယ်ဆိုပြီး  အိမ်ခြံဝန်းထဲမှာ သန့်ရှင်းရေးလုပ်နေတယ်။ သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ မြေမြှုပ်မိုင်းနင်းမိသွားတယ်။ အခုညာခြေထောက်က ဒူးအပေါ်ပိုင်းထိ ဖျက်ရတယ်။ ” ဟု ပြောပါသည်။

အဆိုပါ မြေမြှုပ်မိုင်း နင်းမိသည့် သူသည် ရှမ်းလူမျိုးဖြစ်သူ အသက် ၇၉ နှစ်အရွယ် စိုင်းထွန်းလှ ဖြစ်ပါသည်။ လက်ရှိအချိန် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသနေဆဲပဲ ဖြစ်ပါသည်။