ရှမ်းတောင် ပင်လောင်းမှာ စစ်ဘေးရှောင် ၂ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆင်းခွန်ကျေးရွာတွင် ပြီးခဲ့သည့် ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင် ဒေသခံ ၂ ဦး မြေမြှုပ်မိုင်းနင်းမိခဲ့သည်ဟု သိရှိရသည်။ 

ဖြစ်စဉ်မှာ ပင်လောင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆင်ခွန်ကျေးရွာတွင် ထွက်ပြေးတိမ်း ရှောင်လာသည့် အသက် ၄၃နှစ်အရွယ် ဒေါ်နန်းမူ နှင့် အသက် ၃၁ နှစ်အရွယ် ခွန်ဝင်းဇော်တို့သည် နေရပ် တောင်မဲသင်းကျေးရွာသို့ ၎င်းတို့နေအိမ်အား ပြန်လာကြည့်သည့်အချိန်တွင် အိမ်အောက်ထပ်တွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်ပြီး ဆေးကုသခံယူရန် အခက်အခဲရှိနေသည်ဟု သိရသည်။ 

“အိမ်ပြန်လာကြည့်တာ ကျွန်တော်တို့အိမ်က မရှိတေ့ာဘူး မီးရှို့ခံထားရတယ်၊ ဘာမှမကျန်တော့ဘူး မြက်တွေလဲ ထူနေပြီ သူရဲ့ အစ်ကိုအိမ်က တိုက်အိမ်ဆိုတော့ မီးမလောင်ဘူး၊ သူတို့နှစ်ယောက် အဲဒီအိမ်ထဲ ဝင်ကြည့်တာ အဝင်က ဘာမှမဖြစ်ဘူး သူတို့ပြန်ထွက်တဲ့ချိန် သူက ရှေ့ကနေသွားတာပေါ့ အဲမှာ နင်းမိတာ အိမ်ရဲ့အောက်ထပ်မှာဘဲ ”လို့  ကာယကံရှင်၏ အမျိုးသားဖြစ်သူက တအာင်းအမျိုးသမီး အဖွဲ့စည်းကို ပြောပါသည်။

အဆိုပါထိခိုက်ဒဏ်ရာရသူ  ဒေါ်နန်းမူသည် မိုင်းအစအနကြောင့် မျက်လုံးနှစ်ဖက်လုံးမှုန်သည့်အပြင် ဘယ်ခြေသလုံးတွင် အသားဆများထွက်နေပြီး လက်ရှိတွင် တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံ၌ ဆေးကုသမှုခံယူ လျက်ရှိသည်။ 

ထို့အတူ ခွန်ဝင်းဇော်သည် မျက်နှာပွန်းပဲ့ ဒဏ်ရာရခဲ့ပြီး ဆောင်းပြောင်းဆေးရုံတွင် ဆေးကုသမှုခံယူပြီး နှစ်ဦးစလုံးတွင် နေအိမ်မီးရှို့ခံထားရသောကြောင့် ဆေးကုသရန် ကူညီလိုအပ်နေပါသည်ဟု သိရှိရသည်။ 

ပင်လောင်းမြို့နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ပအိုဝ့်အမျိုးသား တပ်မတော် (PNA)၊ ရှမ်းတောင် မဟာမိတ်တပ်ဖွဲ့၊ PDF တပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များ လှုပ်ရှားနေကြသည့် ဒေသတစ်ခု ဖြစ်ပါသည်။