သိန္နီမြို့တွင် မိုင်းနင်းမိသော ဒေသခံ ၁ ဦး ဆေးကုသရန်နှင့် စားဝတ်နေရေးအတွက် အကူညီလိုအပ်နေ
ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ် ပန်စုံကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၈ရက်နေ့တွင် ဒေသခံအမျိုးသားတစ်ဦးသည် အိမ်ခြံဝင်းထဲရှိ ရေတွင်းအနီးတွင် မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဖြတ်လိုက်ရပြီး ဆေးကုသရန်နှင့် စားဝတ်နေရေးအတွက် ကူညီလိုအပ်ကြောင်း ကာယကံရှင်၏အမျိုးသမီးမှ တအာင်းအမျိုးသမီးအဖွဲ့စည်းကို ပြောပါသည်။
ကာယကံရှင် အမျိုးသမီးမှ “ သူအဲဒီနေ့က ခြံဝင်းထဲမှာဘဲ ရေတွင်းပတ်ပတ်လည်ကို ရှင်းနေတာ၊ အိမ်က စစ်တပ် (၃၂၃) နဲ့ နီးတော့ အရင်က သူတို့လဲ ဝင်ဝင်ထွက်ထွက်ရှိပါတယ်၊ အဲချိန်တုန်းက ကုန်စုံဆိုင်ဖွင့် ထားတယ်လေ၊ တိုက်ပွဲဖြစ်နေချိန်လဲ သူတို့ ဝင်ဝင်ထွက်ထွက်သေးလုပ်တယ်၊ အိမ်ဝင်းထဲမှာမိုင်းရှိမယ်လို့မထင်ထားဘူး၊ ကျွန်မအမျိုးသားက ဒူးအပေါ်ပိုင်းခြေထောက် နှစ်ဖက်လုံး ဖြတ်လိုက်ရတယ် ညာလက် ညှိုးသုံးချောင်းလုံး ပြတ်သွားတယ်” ဟုဆိုပါသည်။
အဆိုပါ မိုင်းနင်းမိခဲ့သည့် အသက် ၆၆ နှစ်အရွယ်ဦးအိုက်မန်သည် ဒူးအပေါ်ပိုင်း ခြေထောက်နှစ်ဖက် ဖြတ်လိုက်သည့်အပြင် ညာဘက်လက်ညှိုးသုံးချောင်းလဲ ပြတ်သွားခဲ့ပါသည်။ ပြင်းထန်သည့် ဒဏ်ရာကြောင့် ယနေ့အချိန်ထိ ဆေးရုံတွင် နှစ်ပတ်တစ်ကြိမ် ရက်ချိန်းသွားရပြီး ဆေးကုသရန်အတွက် ကူညီလိုအပ်နေလျက်ရှိသည်။
“ကျွန်မတို့အိမ်မှာက သူက အဓိက အလုပ်လုပ်နေတဲ့သူဆိုတော့ သူဒီလိုဖြစ်သွားတော့ စားဝတ်နေရေးအတွက် အရမ်းခက်ခဲဖြစ်နေတာ အရင်က ကုန်စုံဆိုင်တော့ရောင်းတယ်၊ အများကြီးတော့ မဟုတ်ဘူးပေါ့၊ အခုက စစ်ပွဲပြီးတော့ စစ်ရှောင်လိုက် ဘာညာနဲ့ ဘာမှပြန်မလုပ်နိုင်တော့ဘူးလေ၊ ကျွန်မတို့မှာအခုက အလှူရှင်တွေ လှူပေးတာနဲ့ဘဲ စားသောက်နေရတယ်လို့တောင် ပြောလို့ရတယ်” ဟု ဦးအိုက်မန်၏ဇနီး မပါခမ်းမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ထပ်မံပြောကြားခဲ့ပါသည်။