လက်ပစ်ဗုံးကောက်ယူဆော့ကစားရာမှပေါက်ကွဲမှုဖြစ်ပွားပြီးအသက်မပြည့်သေးသည့်ကလေးငယ်နှစ်ဦးအပြင်းအထန်ဒဏ်ရာရ

လက်ပစ်ဗုံးကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက်မပြည့်သေးသည့် ကလေးငယ် နှစ်ဦးအပြင်းအထန်ဒဏ်ရာရ

၂၃ ရက် ဧပြီလ ၂၀၂၅ ခုနှစ်

နမ့်ဆန်မြို့နယ် လုံတောက်ကျေးရွာတွင် အသက်မပြည့်သေးသည့် မောင်နှမနှစ်ဦးသည် လက်ပစ်ဗုံးဟု ယူဆရသည့် လက်နက်ကြွင်းကျန်ပစ္စည်းတစ်ခုကို လက်ဖက်ခြံလမ်းတွင် ကောက်ယူဆော့ကစားရာမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀ ရက်နေ့ ညနေပိုင်း ၂ နာရီအချိန်တွင် မိခင်ဖြစ်သူနှင့်အတူ လက်ဖက်ခြံတွင်ရေချိုးပြီးသည့်အချိန် မောင်နှမနှစ်ဦးသည်မန်ပိန်းရွာနှင့် မန်လန်းကျေးရွာသို့ သွားသည့်လမ်းတွင် လက်ပစ်ဗုံးတစ်လုံးကောက်ယူဆော့ကစားပြီး အဖုံးဖွင့်လိုက်ရာမှ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အသက် ၈ နှစ်အရွယ် မိုင်းကြယ်စင်အောင်သည် အနောက်ဘက်မှ ပါးပြင်ဖောက်ထွက်သည့်ဒဏ်ရာနှင့်  ၅ နှစ်အရွယ် လွေးသီရိရတနာအောင်သည် ဘယ်ဝမ်းဗိုက်၊ လက်ကောက်ဝတ်တွင် ကျည်ဖောက်ထွက်သည့်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

ကလေးငယ်နှစ်ဦး၏ ဖခင်ပြောပြသည်မှာ “ လက်ဖက်ခြံမှာသွားအိပ်ကြတာပါ လက်ဖက်ခူးတာပေါ့၊ သူတို့အမေနှင့်ရေချောင်းမှာအဝတ်လျှော်ရေချိုးနေကြတာ သူတို့နှစ်ယောက်ချိုးပြီးသူတို့အမေက အရင်ပြန်သွားခိုင်းတာ၊ သူတို့နှစ်ယောက်ပြန်သွားပြီးတော့လမ်းမှာလက်ပစ်ဗုံးတွေ့လို့ ယူဆော့ကြတာ၊ အဲ့ဒီဗုံးရဲ့ခေါင်းနဲ့တူတဲ့ခလုတ်ကို အကြီးကောင်က ဆွဲဖြုတ်လိုက်တာ၊ အသံကဖြီလို့ထွက်တော့ သူကလွှင့်ပစ်လိုက်တာ၊ သူ့ညီမကအရှေ့ဘက်မှာသွားတာ ကလေးဆိုတော့ မပြေးနိုင်ဘူး၊နှစ်ယောက်စလုံးထိသွားတာ၊ သူ့ညီမကပိုထိသွားတယ်၊ ဗိုက်မှာကျည်အစက ဖောက်ထွက်သွားတာ၊ ကြယ်စင်အောင်က ပါးထိသွားတာ၊ အနောက်ကနေဖောက်ဝင်လာ၊အံကပ်ပါထိသွားတာ” ဟု ပြောသည်။

အဆိုပါ လက်နက်ထိထားသည့် မောင်နှမနှစ်ဦးကို လက်ရှိနမ့်ခမ်းဆေးရုံတွင် ခေါ်ဆောင်လာပြီး ဆေးကုသနေဆဲဖြစ်သည်။ ဒဏ်ရာပြင်းထန်သည့် ကလေးငယ်နှစ်ဦး၏ အခြေအနေကို စောင့်ကြည့်ရန် နှစ်ပတ်ကြာသည်အထိ စောင့်ကြည့်ရမည်ဖြစ်ပြီး ဆေးကုသရန်ငွေကြေးအခက်အခဲရှိသည်ဟု အဖေဖြစ်သူထံမှ သိရှိရသည်။

“ကျနော်တို့ဆီ ၂၂ ရက်နေ့ ရောက်လာတာ၊ ဖြစ်တာက ၂၀ ရက်နေ့ပေါ့နော်၊ သီရိရတနာအောင်က အငယ်မလေးပေါ့နော်၊​ ဒဏ်ရာအရမ်းပြင်းထန်တယ်၊ မနေ့က ရောက်တာနဲ့ခွဲစိပ်ခန်းထဲဝင်လိုက်ရတယ်၊ ဝမ်းဗိုက်ထဲကအူမကြီးတစ်ချောင်းထိသွားတာ၊ အဲ့ဒီအူမကြီးဖြတ်ပြီး ပြန်ဆက်ထားတာအခုက၊ သူ့လက်လဲကျည်ဖောက်ဝင်လာတယ် အရိုးထိထားတယ်၊ ကလေးဆရာဝန်ကိုလဲ စစ်ခိုင်းလိုက်တယ်၊ သူ့အခြေအနေကတော့ ကောင်းလာဖို့ပဲ ကျနော်တို့မျှော်လင့်တယ်၊ ကျနော်တို့ဆီရောက်လာလို့ အချိန်မှီကုရတယ်၊ သူကံကောင်းတယ်ပြောရမယ်၊ သူ့အခြေအနေစောင့်ကြည့်ဖို့ နောက်ထပ်နှစ်ပတ်လောက်ထပ်ပြီး စောင့်ကြည့်ရမယ်၊ လိုအပ်တာအကုန်တော့ ကျနော်တို့ အကုန်လုပ်ထားပေးပါတယ်” ဟု ဆေးကုပေးတဲ့ ဆရာဝန်တစ်ဦးက ပြောပါသည်။