MNDAAတပ်ဖွဲ့ဝင်များ၏ရိုက်နှက်မှုကြောင့်မိုင်းယော်ဒေသခံအမျိုးသားတစ်ဦးသေဆုံး

ရှမ်း/မြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် နမ့်မောကျေးရွာအုပ်စု မိုင်းလင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကိုကိုးကန့်တပ်မတော်(MNDAA)မှ မတရားရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးမှုဖြစ်ခဲ့သည်ဟု ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးမှ တအာင်းအမျိုးသမီး အဖွဲ့စည်းကို‌ ပြောပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီ ၁၈ ရက် ည ၇နာရီ အချိန်တွင် အသက် (၂၅)နှစ်အရွယ်ဖြစ်သည့် မိုင်းအိုက်မန်ဆိုသူမှာ ကျွဲခိုးရောင်းသည့်အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဂျာယန်ကျေးရွာတွင် ရှိနေသော ကိုးကန့်တပ်မတော်  (MNDAA) အုပ်ချုပ်ရေးအဖွဲ့ ဦးလောင်ဆေဦးဆောင်သည့် အဖွဲ့မှ လာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပါသည်။

မိုင်းယော်ဒေသခံအမျိုးသားတစ်ဦးမှ “ပြီးခဲ့တဲ့ ၂လပိုင်းလောက်ကပေါ့နော် ကျွဲပိုင်ရှင် ဒေါ်ကြူမိန်က သူ့(မိုင်းအိုက်မန်)အိမ် ကို ကျွဲဆွဲလာပြီး အပ်ထားတယ်၊ ကျွဲကမလှလို့လှတဲ့ကောင်တွေ့ရင် ကျွဲချင်းဖြစ်ဖြစ် လဲပေးပေါ့နော်၊ အဲလိုမဟုတ်ရင်လဲ ရောင်းပြီး လှတဲ့ကောင်ကို လဲဝယ်မယ်ဆိုပြီး လာပြောပြီးထားခဲ့တာ၊ အိုက်မန်က ကျွဲအရောင်းဝယ်လုပ်တဲ့လူလေ လာအပ်ပြီး တစ်လလောက်မှာ အဲကျွဲကို ရောင်းပြီး ပြန်မဝယ်ရသေးဘူး၊ အကြောင်းလဲ မပြန်သေးဘူးလေ၊ အဲဒီနေ့ညက ကျွဲပိုင်ရှင်က အိမ်မှာလာရှာတာ သူ(မိုင်းအိုက်မန်)က ပြန်မရောက်သေးတော့ ပြန်သွားရင်း ရွာလယ်လမ်းမှာတွေ့တာ၊ ကျွဲပိုင်ရှင်က သူ့ကို အလုပ်ရှိတယ် တစ်ရက် ၇သောင်းလောက်ရတယ်၊ လုပ်ချင်ရင် ဆိုင်မှာ တွေ့ပြီး အလုပ်ကြောင်းပြောမယ်ပေါ့။ အဲဘွားတော်က မိုင်းအိုက်မန်ကို ဆိုင်မှာ ဘီယာထိုင်သောက်မယ်ဆိုပြီး လိမ်လည်ခေါ်လာတဲ့ အချိန်မှာ ကိုးကန့် စစ်သားတွေက သူ့ကို လက်ထိပ်နဲ့ လာခတ်ပြီး ဖမ်းသွားတာ” သည်ဟု ပြောပါသည်။

ဧပြီ ၁၉ ရက်နေ့ မနက်၇နာရီအချိန်တွင် အဆိုပါကိုးကန့်တပ်မတော်မှ ဖမ်းဆီးသွားသည့် မိုင်းအိုက်မန်ဟာ သေဆုံးသွားပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) တပ်သားတစ်ဦးမှ မိုင်းအိုက်မန်၏ မိသားစုဝင်ဆီ လာရောက်အကြောင်းကြားခဲ့ပါသည်။

“သူတို့ခေါ်သွားပြီး နောက်တစ်ရက်မှာ သူသေတဲ့အကြောင်း သူ့မိသားစုဝင် ဆီအကြောင်းလာကြားတာ၊ သူ့အဖေ လိုက်သွားတော့ အဲ့ဦးလောင်ဆေက ပြောတာ သူ့ကို ဘာမှမလုပ်ဘူးတဲ့၊ ဒါပေမယ့် သူ့ရဲ့ ကိုယ်လုံးမှာတော့ သူတို့ရိုက်တဲ့ဒဏ်ရာတွေပဲ” ထိုအမျိုးသားမှ ဆိုပါသည်။

 အဆိုပါ ကျွဲပိုင်ရှင် ဒေါ်ကြူမိန်သည် လွန်ခဲ့သည့် ဖေဖော်ဝါရီလတည်းက မိုင်းအိုက်မန်ကို ကျွဲရောင်းခိုင်းခဲ့ခြင်းဖြစ်သော်လည်း မတရားသတ်ဖြတ်ခံရသည့် မိုင်းအိုက်မန်၏ သေဆုံးသည့်အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိတစ်စုံတစ်ရာတာဝန်ယူပေးခြင်းမရှိဘဲ ရပ်တန့်နေဆဲဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် အဆိုပါ မိုင်းအိုက်မန်သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးရန်အတွက် တအာင်းတပ်မတော်(TNLA) တာဝန်ရှိသူများမှ ဦးဆောင်ပြီး မိုင်းအိုက်မန်၏မိဘ ဆွေမျိုးများနှင့် ရွာလူကြီးတို့မှ စုပေါင်းပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် အမှုပြီးမြောက်အောင် ဆွေးနွေးရန် လုပ်ဆောင်သော်လည်း ဦးလောင်ဆေမှ အထက်ကိုတင်ပြပြီးမှ ပြန်လည်ဆွေးနွေးမည်ဟု ပြောထားပြီး ယခုချိန်ထိ တစ်စုံတစ်ရာ လာရောက်ပြောဆိုခြင်း မရှိသေးဟု ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးထံ  ထပ်မံသိရှိရပါသည်။