ကျောက်မဲတွင်စစ်လက်နက်ကြွင်းကျန်ပေါက်ကွဲမှုဖြစ်ပွားပြီး၁ဦးပွဲချင်းပြီးသေဆုံး၊ကိုရင်တစ်ပါးနဲ့ဒေသခံ၄ဦးပြင်းထန်သည့်ဒဏ်ရာရ

ကျောက်မဲမြို့နယ် ကြူရှောကျေးရွာအုပ်စု ပန်ဆန်ကျေးရွာတွင် စစ်လက်နက်ကြွင်းကျန် လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဒေသခံ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကိုရင်ငယ်လေး တစ်ပါးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မနေ့ ၂၄ ရက် ညနေ ၅ နာရီအချိန်မှာ မိခင်နဲ့အတူ လက်ဖက်ခူးပြန်လာသည့် မိသားစုဝင်များသည် ပြန်လာသည့်လမ်းတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက်မပြည့်သေးသည် ၈ နှစ်အရွယ် မိုင်းဇော်မင်းကိုသည် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ အသက် (၁၁) နှစ်အရွယ် ကိုရင်ဖြစ်သူ မိုင်းဇော်မင်းထွေး သည် ခြေထောက်နှစ်ဖက်စလုံးတွင်ဒဏ်ရာပြင်းထန်ထိခိုက်ခဲ့ပြီး အသက် (၄) နှစ်အရွယ် မိုင်းကောင်းခန့်၊ လွေးမြဟန် နှင့် မယ်မောင်ခင်တို့ ဒဏ်ရာအသီးသီး ထိခိုက်ခဲ့သည်ဟု သိရှိရသည်။

“ မိဘတွေနဲ့လက်ဖက်ခြံလိုက်သွားကြတာ၊ သူတို့ပြန်ခါနီးမှာ တွေ့လို့ကောက်ဆော့တာတဲ့၊ မိဘတွေကျတော့ အဲ့လိုမပြောရဲကြဘူး၊နင်းမိတယ်လို့ပဲ ပြောတာ၊ ဦးဇင်းလဲသူတို့ကို ကျောက်မဲလိုက်ပို့ဖို့ လောနေတာနဲ့ တိကျမမေးလိုက်ရေသးဘူး၊ ကျောက်မဲကနာရေးကူညီမှုအသင်းတွေနဲ့ ကူညီတောင်းပြီး ဆေးရုံလိုက်ပို့ခိုင်းနေတာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီးသွားတယ်၊ ကိုရင်လေးက ခြေနှစ်ချောင်းလုံး ပြင်းပြင်းထန်ထန်ပဲ၊ စတီးထည့်ရမယ်၊ ငွေကြေးလဲခက်ခဲနေတာ” ဟု ကူညီပေးခဲ့သည့် ဒေသခံ ဦးဇင်းတစ်ပါး(မိုင်းညီခမ်း) မှ ပြောသည်။

ဒဏ်ရာပြင်းထန်သည့် ကိုရင်ငယ်လေးကို လက်ရှိကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသလျက်ရှိသည်။ အဆိုပါ ကိုရင်ငယ်လေးသည် ခြေနှစ်ဘက်စလုံးတွင် ဒဏ်ရာပြင်းထန်နေပြီး စတီးထည့်ရမည်ဖြစ်သောကြောင့် ဆေးကုသရန် ငွေကြေးအခက်အခဲရှိနေသည်ဟု ၎င်းမှ ထပ်မံပြောသည်။  

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ နှစ်ဆန်းပိုင်းအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကြားတွင် ကြူရှောအုပ်စု၊ ဟူးကွက်အုပ်စု နှင့် ချုံးသစ်/ဟောင်းအုပ်စုအထိ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဖြစ်ပြီး လက်နက်ကြွင်းကျန်ပစ္စည်း အများအပြားကျန်ရှိနေပြီး ယနေ့အထိ မြေမြုပ်မိုင်းများကို မရှင်းလင်းရသေးသည့် ဒေသများဖြစ်သည်ဟု ထပ်မံသိရသည်။