မိုးကုတ်မြို့ကို စကစ ဗုံးကြဲ ဒေသခံ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း ဖြင့် ဆက်တိုက်ဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်ဟု စုံစမ်းသိရှိရပါသည်။

ယနေ့ မေလ ၃ ရက် နံနက်ပိုင်း ၉ နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်ကွက်ရှိ အနောက်ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ 

မိုးကုတ်မြို့နေဖြစ်စဥ် သိရှိသူတစ်ဦးမှ ” ဒီနေ့ မနက် ကသဲရပ်ကွက်မှာ ​ကြဲတယ်၊ အနောက်ကျောင်းမှာ ယောကျာ်းလေးတစ်ဦး သူ့ခေါင်းထိပြီးသေသွားတယ်၊ ယောကျာ်းလေးတစ်ယောက်ကျတော့ ဒဏ်ရာရတယ် ဒဏ်ရာများတယ် ” ဟုပြောပါသည်။ 

ထိခိုက်သွားသူ ကိုဘယ်ကျော်သည် ခေါင်းပျက်ဒဏ်ရာဖြင့် သေဆုံးပြီး မမီကိုသည် ပေါင်နဲ့ခြေသလုံးတွင် ထိခိုက်ပြီး အသက်(၄၅) နှစ်အရွယ် စိုင်းခွန်နောင်သည် ခန္ဓာကိုယ်အောက်ပိုင်းနှင့်ခါးထိဒဏ်ရာဖြင့် စိုးရိမ်နေရပြီး အသက်(၁၇) နှစ်အရွယ် မောင်အောင်ဖြိုးကျော်သည် ဦးခေါင်းထိဒဏ်ရာရခဲ့သည်။ 

ထိုဖြစ်စဥ်နည်းအတူ မေလ ၂ ရက်နေ့ ညသန်းခေါင်ယံအချိန် ၁၁ နာရီ ၅၈မိနစ်အချိန်တွင်လည်း မိုးကုတ်မြို့ အနောက်ပိုင်း အုတ်အင်းကျေးရွာနှင့် အရှေ့ပိုင်း ဗမွန်ကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပါသေးသည်ဟု ထပ်မံသိရှိရသည်။ 

” မနေ့က ကြဲတာက အုတ်အင်းရွာရဲ့ ဓမ္မာရုံ ထိတယ် ဘေးပတ်ဝန်ကျင်က နေအိမ်တွေလည်း ပျက်စီးသွားတယ်၊ ၅ အိမ် ၆ အိမ်လောက်ပျက်တယ်၊ လူထိခိုက်မှု တော့မရှိဘူး ” ဟု နောက်ထပ်ဒေခံတစ်ဦးထံမှ သိရှိရပါသည်။

ထို့အပြင် လွန်ခဲ့သော ဧပြီလ ၃၀ ရက်လည်း မိုးကုတ်မြို့ အနောက်ပိုင်း သစ်စိမ့်ကုန်းကျေးရွာအနီးတွေ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဧပြီ ၂၈ နှင့် ၂၉ ရက်တွင် တအာင်းတပ်မတော်-  TNLA နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့သော်လည်း လက်ရှိ တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ရရှိထားသည့် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့ စသည့်ဒေသများမှ ယခင်က တအာင်း/ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် အတွင်းသို့ ပြန်လည်ဆုတ်ခွါပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် သဘောတူညီမှုမရရှိပဲ ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) ၏ ထုတ်ပြန်ထားပါသည်။