ကွတ်ခိုင်တိုက်ပွဲကာလအတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၄ ဦး ရှိခဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်တွင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မိုင်းနင်းမိခြင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားပြည်သူ ၄ ဦး ရှိခဲ့ပါသည်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ၁၀ နာရီအချိန်တွင် ဟိုကျန့်အုပ်စု မန်ထမ်ကျေးရွာ ဦးအိုက်ရီသည် အိမ်ရှေ့ ကောက်ရိုးစင်အနီးရှိ ခြံစည်းရိုးကပ်ရပ် အပင်အောက်တွင် ကြိုးမိုင်းတိုက်မိပြီး အပြင်းအထန်းဒဏ်ရာ ရရှိခဲ့သည်။
ဇနီးဖြစ်သူ ဒေါ်အေးက “ကျမက ဦးလေးတို့အိမ်သွားပြီး ပြန်လာတာ သူ့ကိုလိုက်ရှာနေတာ မီးဖိုချောင်ထဲမှာလဲ မတွေ့ဘူး အိပ်ခန်းအထဲလဲ မတွေ့ဘူး ခနတော့ အိမ်ရှေ့မှာ ဗုံးပေါက်တဲ့အသံ ကြားလိုက်တယ် မြေကြီးတွေက အခိုးအငွေ့တွေလိုမျိုးတက်သွားတာ သူကအော်လာတာ ငါထိသွားပြီတဲ့ လာခေါ်ပါဆိုပြီးတော့ ဖြစ်ဖြစ်ချင်း တော့ ကျမလဲမသွားရဲဘူး ထပ်ပေါက်မှာစိုးလို့ ဦးလေးကိုသွားခေါ်ပြီး လာခေါ်တော့သူမထူး နိုင်တော့ဘူး အိမ်ပေါ်မတင်ပြီး ကားနဲ့ကောင်းခါးဆေးရုံကို ပြန်ခေါ်သွားတာ” သည်ဟု ပြောပါသည်။
ကြိုးမိုင်းတိုက်မိပြီးနောက် ဦးအိုက်ရီသည် ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းတစ်ခုလုံးဖြစ်သည့် ရင်ဘတ်၊ ခြေဒူး ခေါင်းနှစ်ဖက်၊ လက် နဲ့ ဂျိုင်းအောက်ဘက်တွေမှာ အပြင်းအထန်ထိမှန်ခဲ့ပြီး မိုင်းအစ ၇ ခု ခွဲထုတ်ခဲ့ပြီး ယနေ့အချိန်အထိ ဆေးရုံတွင် ဆေးကုနေလျက်ရှိသည်။
အလားတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်း ကိုမိုင်းအိုက်ညီကာသည် ခြံထဲတွင် နွားသွားမောင်းရန် တက်သွားနေသည့်အချိန် ခြံခတ်ထားသည့် ဝါးလုံးတံခါးပေါက်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်ခဲ့သည်။
ကာယကံရှင် ကိုအညီကာက “ အဲ့နေ့မတိုင်ခင်တုန်းက တစ်ရက်တုန်းက စစ်ကြောင်းတွေက ရွာဘေးမှာ ကင်းလှည့်တာ ဖြတ်သွားတယ်၊ နောက်တစ်နေ့က နွားတွေကခြံထဲဝင်မွှေလို့ သွားမောင်းတာ၊ တက်သွားတဲ့ အချိန် ခြံတံခါးဝမှာ တက်နင်းမိတာ၊ တစ်ချက်ပဲတက်နင်းမိတာ ပေါက်ကွဲသွားတာ ” သည်ဟု ပြောပါသည်။
ထို့အပြင် ဇန်နဝါရီလ ၃ ရက်နေ့တွင် ကွတ်ခိုင်မြို့ပေါ်ဂိမ်းဆိုင်မှ အိမ်သို့ ပြန်လာနေသည့် ပန်းဆေးကျေးရွာသား လူငယ် ၂ ဦးသည်လည်း ရွာအဝင် တံတားဘေးရေချောင်းတွင် မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ခဲ့သည်။
ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာ၊ မန်ထမ်ကျေးရွာ၊ ဟိုကျန့်ကျေးရွာ၊ ပန်းဆေးကျေးရွာ၊ လွယ်ဆိုင်ကျေးရွာတစ်လျောက်တွင် တိုက်ပွဲကာလအတွင်း အသုံးပြုထောင်ထားသည့် မြေမြုပ်မိုင်း နှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီး လက်နက်အများအပြားရှိနေသေးသည်ကို သိရှိရသည်။ အိမ်မွေးတိရိစ္ဆာန်များသည်လည်း ရွာဘေးပတ်ဝန်းကျင်တွင် မိုင်းနင်းမိပြီး သေဆုံးမှုများရှိနေပြီး ပန်းဆေးကျေးရွာ နွားတစ်ကောင်၊ နမ့်ခုံကျေးရွာ၏ ကျွဲ ၅ ကောင် မိုင်းနင်းမိပြီး သေဆုံးမှု ရှိနေသည်။