ကွတ်ခိုင်မြို့နမ့်ဖက်ကာကျေးရွာမှကိုရင်လေးတစ်ပါးမိုင်းပေါက်ကွဲမှုကြောင့်ခြေထောက်တစ်ဖက်ပြတ်ထွက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာတွင် ကိုရင်လေးတစ်ပါးသည် မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက်ပြတ်ထွက်ပြီး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု သိရှိရပါသည်။

မနေ့ ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၂၆ ခုနှစ် နေ့လယ် ၁၂ ဝန်းကျင်၌ နမ့်ဖက်ကာကျေးရွာ ရပ်ကွက် ၂ ရှိ ဘုန်းကြီးကျောင်းအနီး ရဲစခန်းနှင့် နတ်စင်အကြားတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ကိုရင်လေးတစ်ပါး အသက် ၁၁ နှစ်အရွယ်သည် ညာဖက်ခြေထောက်ပြတ်ထွက်သွားပြီး ဘယ်ဖက်ခြေထောက်၊ လည်ပင်းနှင့် မေ့ရိုးကျိုးသွားခြင်း ဖြစ်ပါသည်။

ဒေသခံအမျိုးသမီးတစ်ဦးမှ “၂၅ ရက်နေ့ကတည်းက လက်ပစ်ဗုံးကို ကောက်ထားတယ်လို့ကြားတယ်။ ဗုံးကိုယူပြီး ရဲစခန်းနဲ့ နတ်စင်ကြားမှာ သွားဆော့ပြီးပေါက်ကွဲသွားတာ။ သွားတာတော့ သုံးပါးရှိတယ်။ နှစ်ပါးက အရင်ပြန်သွားပြီး မကြာခင်မှာပဲ ပေါက်ကွဲသံကြားတယ်။” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

နောက်ထပ်အမျိုးသားတစ်ဦးမှ “ခြေထောက်ပြတ်ထွက်သွားတယ်ဆိုတော့ မြေမြှပ်မိုင်းလို့ထင်တယ်။ အရင်က ကချင်စစ်သားနဲ့ ဗမာစစ်သားတွေ တိုက်ပွဲဖြစ်တဲ့နေရာဆိုတော့ ဘယ်အဖွဲ့က မြှပ်ထားလဲ မပြောတတ်ဘူး။ ဒီမြေမြှပ်မိုင်းဖြစ်ဖြစ်၊ လက်ပစ်ဗုံးတွေဖြစ်ဖြစ်နမ့်ဖက်ကာကျေးရွာမှာ တာဝန်ရှိတဲ့သူတွေက တာဝန်ယူ လုပ်ဆောင်ပေးရမယ် လို့ မြင်တယ်။” ဟု ပြောပါသည်။

အထက်ပါအမျိုးသားမှ မြေမြှပ်မိုင်း၊ လက်ပစ်ဗုံးနှင့်ပတ်သတက်ပြီး နမ့်ဖက်ကာကျေးရွာမှ တာဝန်ရှိသူများကို တာဝန်ယူလုပ်ဆောင်ပေးရန်တောင်းဆိုပြီး မိုင်းအန္တာရာယ် အသိပညာပေးသည့် အစီအစဉ်ကို လုပ်ဆောင်ပေးရန် သက်ဆိုင်ရာ  တာဝန်ရှိသည့်အဖွဲ့အစည်းကို တောင်းဆိုထားပါသည်။

လက်ရှိတွင် အဆိုပါ ဒဏ်ရာရထားသည့် ကိုရင်လေးသည် နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးကုသစရိတ်လိုအပ်နေကြောင်းလည်း သိရပါသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *