လားရှိုး-နမ္မတူအီနိုင်းတံတားတွင်စက်သုံးစီသယ်ယူခွင့်နဲ့ခရီးသယ်သွားလာခွင့်ကိုကိုးကန့်တပ်မတော်မှပိတ်ဆို့ထား

ရှမ်းမြောက် ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် တအာင်းလူမျိုးများကို ကိုးကန့်တပ်ဘက်မှ ခရီးဖြတ်သန်းသွားခွင့် ပိတ်ပင်ထားသည်ဟု ခရီးသွားလာနေသူများထံမှတစ်ဆင့် သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လားရှိုး-အီနိုင်းလမ်းတွင် ခရီးသယ် လိုင်းကောင်းများ၊ကုန်ပစ္စည်းတင်ဆောင်သည့် ကားများကို ဖြတ်သန်းသွားလာခွင့် ထပ်မံပိတ်ပင်လိုက်သည်ဟုမြေပြင် ခရီးသွားလာသူများ၏ ပြောကြားချက်အရ သိရသည်။

“ ပိတ်သလားဆိုတော့ ပိတ်တယ် သွားလို့မရဘူးလားတော့ မဟုတ်ပြန်ဘူး၊ စိတ်ကူးပေါက်ရင် ထဖွင့်ပေးတယ်၊ အကုန်လုံးဖွင့်တာလားဆိုတော့ မဟုတ်ပြန်ဘူး၊ အဲ့မှာသွားတန်းစီထားရတာသက်သက်ဒုက္ခပေးနေသလိုပဲ၊ ကုန်ပါရင် တန်းစီရတယ်၊ လုံးဝကုန်မပါပဲ ခါလီဖြတ်ရင်တော့ရတယ်၊ ခရီးသယ်တက်တဲ့ ကားကြတော့ ရချင်တဲ့ကားရတယ် မရချင်တဲ့ကားမရဘူး ဘယ်လိုကြီးမှန်းတော့ မသိဘူး၊ သူတို့နဲ့ရင်းနှီးတယ်ဆိုရင်တော့ ပေးဖြတ်တယ်၊ အဲလိုဖြစ်နေတယ်၊​ ပိုက်ဆံတောင်းချင်ရင်တောင်းလေ၊ ကျနော်တို့ပေးမယ်လေ ဟုတ်တယ်မလား၊ ” ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြေပြင်ဒေသခံတစ်ဦးမှ ဆိုပါသည်။

ပြီးခဲ့သည့် ၂၀ ရက်နေ့မှစတင်ပြီး လားရှိုးမြို့အပြင် အီနိုင်းကျေးရွာ၏ တံတားတွင် စက်သုံးဆီကားနှင့် ကျောက်မီးသွေး တင်လာသည့် ကားများကို စစ်ဆေးတင်းကြပ်မှု ပြုလုပ်ခဲ့ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခံလိုက်ရသည်ဟု စက်သုံးဆီတင်ဆောင်သည့် ကားသမားတစ်ဦးမှ TWO ကိုပြောပါသည်။

“ အီနိုင်းတံတားကနေ စပိတ်တာ၊ သူတို့စစ်သားတွေကတော့ ဘာမှမပြောဘူး၊ အဓိက သူတို့ရဲတွေကပိတ်တာ၊ ဘာတွေတင်လာလဲလို့မေးတယ်၊ ဆီပေါ့၊ ဆီတင်ယဉ်ဆိုရင်တော့ ခနစောင့်တဲ့ သူတို့ဆရာဆီ ဖုန်းဆက်ပေးမယ်တဲ့၊ ဆက်တော့မရဘူး ပြန်လှည့်လိုက်တဲ့၊ ကျနော်တို့တက်လာနေ့ကတည်းက ဆီကားဆိုရင် မရဘူးတဲ့နော်၊ ဘာမှမဖြစ်ဘူးထင်ပြီး တက်သွားလာလိုက်တာ” ဟု ဆီတင်နေသည့် ကားသမားတစ်ဦးမှ ပြောသည်။

အလားတူ ၂၃ ရက်နေ့တွင်လည်း သီပေါဘက်မှ တင်ဆောင်လာသည့် ကျောက်မီးသွေးကားများကိုပါ ထပ်မံပိတ်ပင်လိုက်သည်ဟု အဆိုပါကားသမားမှ ထပ်မံဆိုပါသည်။

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ဘက်ကို စားသုံးကုန်နှင့် ဆန်သယ်ဆောင်လာသည့် ကားများကို ရေပူဂိတ်ကျော်ပြီး တောင်သုံးဆယ်(လွယ်ဆမ်ဆစ်) တောင်အောက်တွင် ပေးမဖြတ်တော့ပဲ ပြန်လှည့်ခိုင်းခဲ့ရသည်ဟု ခရီးသွားလာနေသည့် ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးမှ ပြောပါသည်။

“ ဘယ်နှစ်စီးရယ်လို့တော့ မဟုတ်ဘူး၊ အစ်မတို့ရှေ့မှာ ဆန်သယ်ထားတဲ့ ကားတစ်စီးကို ပြန်လှည့်ခိုင်းတာ၊ ရေပူဂိတ်မှာတောင် ပေးကျော်တယ်၊ မန်ပိန်းအကျော်တော့ ပြန်လှည့်လာခိုင်းတယ်၊ တစ်ချိန်နဲ့တစ်ချိန်တော့ မတူဘူး၊ လူမျိုးမေးတာတော့ မတွေ့ရဘူး၊ ဘယ်သွားဘယ်လာကတော့ မေးတယ်၊ ကုန်စည်တင်တဲ့ကားတွေကို ပိတ်ပင်တာတွေ့တယ်” ဟု ဆိုပါသည်။

ကိုးကန့်တပ်မတော် (MDNAA) နှင့် တအာင်းတပ်မတော် TNLA သည် မဟာမိတ်များ ဖြစ်ကြသည့်အလျောက် သိန္နီမြို့နှင့် ကွတ်ခိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုကြောင့် အပြန်အလှန်ဖမ်းဆီးမှုများ၊​ ရိုက်နှက်မှုများ ဖြစ်လာပြီး တစ်ဖက်တွင်လည်း ညီနောင်မဟာမိတ် သုံးဖွဲ့ထိန်းချုပ်ထားသည့် မူဆယ် ၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပူးပေါင်းပြီး တရုတ်နှစ်သစ်ကူးပွဲတော်များ ကျင်းပလျက် ရှိနေသည်။

သို့သော် ယခု သတင်းရေးသားချိန်ထိ လားရှိုးမြို့ပြင် အီနိုင်းတံတားလမ်းကို ကားကြီး၊ ကားငယ်များ ဖြတ်သန်းသွားလာခွင့် ဖွင့်ပေးနေပြီဟု နောက်ဆုံးသတင်းအရ သိရှိရသည်။

“၄ နေရာစစ်တယ်၊ အီနိုင်း မရောက်ခင်ရယ်၊ အီနိုင်းတံတားမှာရယ်၊ တံတား ကျော် ၂ ခုက  ခေါက်ဆွဲ ဆိုင်နဲ့ စာသင်ကျောင်းမှာစစ်တယ်၊ နောင်လိုင်မရောက်ခင်မှာလဲ တစ်ဂိတ်ရယ် ဒီနေ့ကရှိသမျှပစ္စည်းတွေဆို အကုန်မွှေကြည့်တယ်၊ မနေ့ညနေအထိ ဖောင်ဆိပ်လဲ ပေးမဖြတ်တော့ဘူး၊ သူတို့က ပိုက်ဆံလိုချင်တာ အဓိကဖြစ်တယ်၊ လိုချင်ရင်လဲ ကောက်ပေါ့ဟုတ်တယ်မလား၊ ငါတို့ပေးမယ်၊ အခုကဟိုလိုဒီလိုလိုနဲ့၊ ဖောင်ဆိပ်ရော တံတားရော ပိတ်တော့ကွင်းလမ်းသွားကြတာ၊ နားကွမ်းလမ်းက နေသွားကြတာ၊ ကားကြီးတွေရော ၊ ကွင်းတဲ့ကား လမ်းမကြီးလာတဲ့ကားရော၊မနက်က တစ်သုတ် လွှတ်သေးတယ် တက်နေဝန်းကားပါတယ် လ.ရ ထဲ ပြန်လှည့်လာတယ်။ ၁၂နာရီဖြတ်သွားတယ် “ ဟု ပြောသည်။  

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *