ယာတောထဲ ဆေးသွားဖြန်းသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဘယ်ခြေထောက်ပြတ်ထွက်ပြီး ဆေးကုသရန် ကူညီလိုအပ်နေ

၂၀ရက် အောက်တိုဘာလ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဉာဏ်တောကျေးရွာတွင် အောက်တိုဘာလ ၁၅ ရက် မနက် ၁၀နာရီ အချိန်၌ ယာတောထဲဆေးသွားဖြန်းသည့် အချိန်တွင် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက် ဒူးအောက်ပိုင်း ပြတ်ထွက်သွားသည်ဟု သိရသည်။

ကာယကံရှင်၏ သမီးဖြစ်သူမှ “သားအမိ သုံးယောက် ယာတောထဲ ဆေးသွားဖြန်းတဲ့ချိန် အဖေက မိုင်းနင်းမိသွားတာ ခြေထောက်ပြတ်ထွက်သွားတာ အမေတို့က ဝေးနေတော့ သူတို့ကို မထိဘူး အိမ်မှာက အမေနဲ့ကျမဘဲ ကျန်တော့မှာ အလုပ်လုပ်ဖို့က မောင်လေးကလဲ မသန်စွမ်းဖြစ်နေတော့ ကျမတို့ပိုပြီး ခက်ခဲတေ့ာမှာ’’ ဟု ပြောပါသည်။

အဆိုပါ မိုင်းနင်းမိသည့် အသက် ၅၆နှစ် အရွယ် ဦးစိုးဝင်းသည် လက်ရှိ ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူပြီး ဆေးကုသရန်ကူညီလိုအပ်နေပါသည်။

ထိုမိုင်းနင်းမိသည့်နေရာတွင် ယခင် ဓနုပြည့်သူလွတ်မြောက်ရေးတပ်မတော် နှင့် တအာင်းတပ်မတော်တို့ စခန်းချနေထိုင်ခဲ့သော‌ နေရာဖြစ်သည်။

အဆိုပါ တပ်ဖွဲ့နှစ်ဖွဲ့မှ မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ပြီး ဖြစ်၍ မိုင်းရှိမည်ဟု မထင်သောကြောင့် ယာတောသို့ ဆေးဖြန်းသွားခဲ့သည်ဟုကာယကံရှင်၏ သမီးမှ ထပ်မံပြောသည်။