တောထဲ အပေါ့သွားသည့်အချိန် နောင်ချိုမှ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်
၂၀ အောက်တိုဘာလ ၂၀၂၅
စကစပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် မန်ကျည်းရေရွာတွင် အောက်တိုဘာလ ၁၇ရက် ညနေ ၃နာရီ ဝန်းကျင် တောထဲ၌ အပေါ့သွားနေသည့်အချိန် မြေမြုပ်မိုင်းနင်းမိပြီး ညာခြေထောက်ပေါင်ရင်း အောက်ပိုင်း ပြတ်သွားသည်ဟု သိရသည်။
“သူက ကျွဲသွားသိမ်းပြီး ပြန်လာတော့ တောထဲမှာ အပေါ့သွားရင်း နင်းမိတာလေ ကျတော်တို့ရွာနဲ့ မဝေးဘူး အသံကြားတော့ ရွာထဲကအဲဘက်ဘယ်သူသွားလဲ စုံစမ်းပြီး သွားကြည့်ကြတာ လမ်းက တောထဲကနေသွားရတော့ အချိန်ပိုကြာသွားတာပေါ့”ဟု ကာယကံရှင်၏သားဖြစ်သူမှ တအာင်းအမျိုးသမီးအဖွဲ့စည်းကို ပြောပါသည်။
အဆိုပါ မိုင်းမိသည့် အသက် ၆၃နှစ် အရွယ် ဦးစံမောင်သည် ညာခြေထောက်ပေါင်ရင်းအောက်ပိုင်း ဖြတ်ထားပြီး ဘယ်ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာရကာ လက်ရှိအချိန် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိပါသည်။
ထိခိုက်ဒဏ်ရာရသူ ဦးစံမောင်မိသားစုသည် စစ်ဘေးရှောင်ပြီး နောင်ချိုမြို့သို့ ပြန်လည်ရောက်ရှိသည်မှာ ၁လသာရှိပြီး ယခုလို မိုင်းနင်းမိခြင်းဖြစ်သည်။
လက်ရှိနေထိုင်သော အိမ်တွင် မည်သည့် လက်နက်ကျရောက် ပေါက်ကွဲသည်ကို အတိကျမပြောနိုင်ဘဲ ဗုံး ၁၀ လုံးလောက် ကျရောက်ပေါက်ကွဲထားသည်ဟု သားဖြစ်သူက ထပ်မံပြောကြားခဲ့ပါသည်။







