ကျောက်မဲနယ်ထဲရှိ ကျေးရွာတစ်ရွာ၏ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး သံဃာတော် ၅ ပါး ထိခိုက်ဒဏ်ရာရခဲ့
၂၄ ရက် အောက်တိုဘာလ ၂၀၂၅
ယနေ့ ညနေပိုင်း ၃ နာရီခွဲအချိန် ကျောက်မဲမြို့နယ် နမ့်ခုံးအုပ်စု ကောပေါင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် ပေါင် ၂၅၀ ဗုံး ၂လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ သွားခဲ့ပြီး ကိုရင် ၅ ပါး နှင့် ဒေသခံ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှတစ်ဆင့် စုံစမ်းသိရှိရသည်။
အသက် ၄ နှစ်အရွယ် မိုင်းအိုက်သိန်း၊ ၉၆ နှစ် ဦးစံတိ အပြင် ၁၃ နှစ် အရှင် စန္ဒိဘ နှင့် အရှင်ဝိစီရ၊ ၁၄ နှစ် အရှင်ဩရသ၊ ၁၇ နှစ် အရှင်ကုမာ၊ ၁၈ နှစ် အရှင်အိုက်ကျန် တို့သည် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ကောပေါင်းကျေးရွာ၏ ဘုန်းကြီးကျောင်းဆောင် နှင့် ဇရပ်အဆောင် အားလုံးပျက်စီးသွားခဲ့ပြီး ဘုန်းကြီးကျောင်းအနီးရှိ နေအိမ် ၂ အိမ် ပါ ထိခိုက်ပျက်စီးခဲ့သည်။
ပြီးခဲ့သည့် ၂၂ ရက် မနက်အစောပိုင်း မိုင်းလုံမြို့နယ် တော့ဆန်အုပ်စု မန်စန်းကျေးရွာ အလယ်တွင် ဗုံးကြဲခဲ့ပြီး ကလေး ၁ ဦး နှင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ အိမ် ပျက်စီးခဲ့သည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ကောက်ယူရရှိထားသည့် အချက်အလက်အရ အောက်တိုဘာလ ၁ ရက် မှ ၂၅ ရက်နေ့အထိ တစ်ဖက်သက်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁၃ ဦး အပါအဝင် ၄၂ ဦး သေဆုံးပြီး ကလေး ၁၉ ဦးအပါအဝင် ၇၄ ဦး အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။









