မိုးကုတ်မြို့ ထပ်မံဗုံးကြဲခံရမှုတွင် လူထု သေဆုံးမှု များ
၂ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယနေ့ နံနက်ပိုင်း ၈ နာရီ ၁၅ မိနစ်အချိန်တွင် မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်အုပ်စု ရဲစခန်းအနောက်ဘက်ခြမ်းရှိ ဂေါင်းဦးဘာရပ်ကွက်သစ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦးနှင့် ရဟန်းသံဃာတော် ၁ ပါးအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးအထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

၎င်းအပြင် နေအိမ် ၁၀ လုံးအထက် ပျက်စီးခဲ့ပြီး ကား ၃ စီး နှင့် ဆိုင်ကယ် ၃ စီး ထိခိုက်ပျက်စီးခဲ့သည်ဟု ထပ်မံ သိရှိရသည်။
‘’ ပြင်းပြင်းထန်ထန်ထိတာ ၄ ဦး ရှိတယ်၊ ကျနော်တို့က အခုထိ ပျက်စီးတဲ့ စာရင်းတွေ စာရင်း လိုက်ကောက်နေတုန်းပဲ၊ သေတဲ့အထဲမှာက ကလေးငယ် ၁ယောက်ပါတယ်၊ ဘုန်းကြီး ၁ ပါးလဲ ပါတယ် ” ဖြစ်စဉ်သိရှိသည့် မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးမှ TWO ကို ပြောသည်။
ဦးပဇင်း ၁ ပါး နှင့် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင်လည်း ကျပ်ပြင်အုပ်စု ဂေါင်းဦးဘာရပ်ကွက်တွင် လေကြောင်း ဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ထိုဖြစ်စဉ်နည်းတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရွှေလိပ်ပြာဟိုတယ် နှင့် ၂၉ ရက်နေ့ မိုးကုတ်မြို့ အရှေ့ပိုင်း ရွှေဘုံသာ၊ အရှေ့ရွာ၊ မင်းတံတားရပ်ကွက်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်း ဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၂၀ ဦး အထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ကို မှတ်တမ်းတင်ရရှိထားသည်။
ကိုးကား သတင်းဓာတ်ပုံ – ဒေသခံ
#Mogok #SAC #Airstrike #Bombing #Dead #Injured #PSLF/TNLA