ကျောက်မဲ၊ ပန်သပြေကျေးရွာ ဘုန်းကြီးကျောင်းကို စကစမှ ဒုတိယအကြိမ် ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်သပြေကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ ဒုတိယအကြိမ် လေကြောင်းဗုံးကြဲခဲ့သည်ဟု သိရသည်။
ယနေ့ ညနေပိုင်း ၄ နာရီအချိန်တွင် ပန်သပြေကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ရွာဦးဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၁ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နောက်ထပ်ရွာခံတစ်ဦးမှ “ ဘုန်းကြီးကျောင်းတွေထိတယ်၊ ပြင်းအားမနည်းဘူးဗျ၊ ဘုန်းကြီးကျောင်းအနီးအနားက အိမ်တွေလဲ တော်တော်ထိကြတယ်၊ သွပ်ပြားတွေလှန်ကုန်တာ၊ ဗုံးကြတဲ့အချိန် ကိုရင်တွေက အလှူခံထွက်ကြတာ၊ သူတို့ထွက်နေတဲ့အချိန်ပေါ့၊ ဘုန်းကြီးတွေလဲ ဟိုဘက်ရွာ(ပန်ဖြတ်) ကို သွားလည်တဲ့အချိန် လွတ်သွားတာ” ဟု ထပ်မံပြောသည်။
ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းအနီးပတ်ဝန်းကျင်ရှိ နေအိမ် ၂၀ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ ထိခိုက်ပျက်စီးသည့် စာရင်းအသေးစိပ်ကို စုံစမ်းသွားမည်ဖြစ်သည်။
ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးမှ “ ဒီနေ့ကျောက်မဲက ၂ ကြိမ်ဖြစ်သွားတာလေ၊ ကျောက်မဲကနေပြန်လာတဲ့အချိန် လမ်းတဝက်ရောက်တော့ တောင်နောက် နှင့် ငြိမ်းချမ်းရေးကုန်းအစပ်နားလေးမှာ ဒါပေမဲ့ အဲဒါက ကွင်းပြင်မှာပဲကျတယ်လို့ပြောတယ်၊ ကျနော်တို့ လွယ်ကုန်ပြန်ရောက်တော့ ပန်သပြေမှာ ပြန်ချတယ် ၂ ကြိမ်ပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၄ ရက်နေ့တစ်ရက်တည်းတွင် ပန်ကွမ်ကျေးရွာမ စေတီကုန်း နှင့် ပန်သပြေကျေးရွာကို ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာခံ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် စေတီကုန်း၊ စာသင်ကျောင်းနဲ့ နေအိမ်အချို့လဲ ထိခိုက်ပျက်စီးခဲ့သည်။
ပုံ – ဒေသခံ
#ဘုန်းကြီးကျောင်း
#ဗုံးကြဲတိုက်ခိုက်
#ကျောက်မဲ
#ပန်သပြေ
#အကြမ်းဖက်စကစ
#လေယဉ်ဗုံးကြဲ











