မိုင်းငေါ့ မြို့မစျေးတန်းတွင် ဗုံးကြဲသောကြောင့် ဒေသခံသားအမိ ၂ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ 

၂၁ ရက် အောက်တိုဘာလ ၂၀၂၅

မနေ့ည အောက်တိုဘာလ ၂၀ ရက်နေ့ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့နယ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရှိရသည်။ 

ညပိုင်း ၈ နာရီအချိန်တွင် မိုင်းငေါ့  မြို့မစျေးတန်းကို အကြမ်းဖက်စစ်ကောင်စီမှ ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ အိမ် နှင့် ဆိုင်ခန်း ၅ ခန်း အထက်မနည်း မီးလောင်ဆုံးရှုံးခဲ့သည်ဟု မိုင်းငေါ့ ဒေသခံအမျိုးသား တစ်ဦးထံမှ သိရသည်။ 

“ ရဲစခန်းကျတာ မဟုတ်ဘူး၊ စျေးထဲမှာ မြို့မစျေးထဲမှာ ကျတာ၊ မနေ့ကညတုန်းက မိုးလဲ ချုပ်နေတာ၊ မီးငြိမ်းဖို့ပဲ ဝိုင်းလုပ်ကြတာ၊ စျေးထဲမှာ မီးလောင်သွားလို့ပါ၊ ၂ ယောက်တောင် ဆုံးသွးတယ်၊ ၂ က ဒဏ်ရာရတယ်၊ အိမ်တွေလဲ ပျက်စီးတယ်” ဟု TWO ကို ပြောသည်။ 

စျေးတန်းရပ်နေ သားအမိဖြစ်သည့် အသက် ၂၉ နှစ် အရွယ် သူရရိန် နှင့် ၅၄ နှစ် ဒေါ်လင်လင် တို့ ၂ ဦး မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရပြီး အသက် ၁၉ နှစ် ဝေယံဇော်သည် ဘယ်ပေါင်တွင် ထိမှန်ပြီး ၅၃ နှစ် ဦးမိုနာသည် ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

အလားတူ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်တွင် မိုင်းငေါ့မြို့နယ် လွယ်ပိန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် လေကြောင်းဗုံးကြဲခဲ့သောကြောင့် ဇရပ်နှင့် ဘုန်းကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့သည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း မန်လုံနှင့် တာလုံရပ်ကွက်တွင် ပေါင် (၅၀၀) ၂ လုံး၊ ရော့ကဒ်ဒုံး ၄ လုံးပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လင်မယာ ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်အပြင် နေအိမ် ၁၈ အိမ် ထိခိုက်ပျက်စီးခဲ့သည်။