မိုင်းလုံနယ် မန်စန်းကျေးရွာတွင် လေကြောင်းဗုံးကြဲခံရ  ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ 

၂၂ ရက် အောက်တိုဘာလ ၂၀၂၅ 

တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားသည့် မိုင်းလုံမြို့နယ် တော့ဆန်ကျေးရွာအုပ်စု မန်စန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ယနေ့ မနက်အစောပိုင်း ၁၂ နာရီ ၂၀ မိနစ်အချိန်မှာ တော့ဆန်အုပ်စု မန်စန်းကျေးရွာ အလယ်တွင် ပေါင် (၂၅၀) ၂လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မိုင်းလုံရောက်ရှိသည့် အမျိုးသားတစ်ဦးထံမှ သိရှိရသည်။ 

“ ဟုတ်တယ် မန်စန်းက မိုင်းလုံနယ်ထဲမှာ ပါတယ်၊ သေတာတော့ မရှိပါဘူး၊ ဒဏ်ရာပဲ ထိခိုက်ကြတယ်၊ အိမ်တွေတော့ ပျက်တယ်” ဟု ပြောသည်။​

အသက် ၉ နှစ်အရွယ် မိုင်းရွှေစံသည် ဘယ်ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိပြီး ၃၅ နှစ် မလွေးထွေးဟန်သည် ဦးခေါင်းနှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုသည် ကျေးရွာအလယ်တည့်တည့်တွင် ကျရောက်သောကြောင့် နေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု အဆိုပါအမျိုးသား ထပ်မံပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ကောက်ယူရရှိထားသည့် အချက်အလက်အရ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ဖက်သတ်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁၃ ဦးအပါအဝင် သေဆုံးသူ ၄၁ ဦး၊ ကလေး ၁၅ ဦး အပါအဝင်  ၆၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ပုံ – ဒေသခံပေးပို့သည်။