နမ္မတူ နှင့်မန်တုံမှာ စကစ ဗုံးကြဲ ၃ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ နယ် ရပ်ကွက် ၈ ပုဗ္ဗာရုံကျောင်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

 ယနေ့ အောက်တိုဘာ ၂ ရက် နံနက် ၇ နာရီအချိန်တွင် အကြမ်းဖက်

 စစ်ကောင်စီတပ်မှ  ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲချခဲ့ကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ တစ်ဆင့် သိရှိရပါသည်။

” ဒီမနက်မှာ လာကြဲသွားတယ်၊  ၃ ယောက် သေတယ်၊ ၂ ယောက်က ပွဲချင်းပြီးဆုံးသွားတယ်၊ ၁ ယောက်က ဆေးရုံရောက်မှ ဆုံးသွားတယ်၊ ကလေးရောဆိုရင် ၇ ယောက်ဒဏ်ရာရတယ် ” ဟု ပြောသည်။

ဗုံးကြဲမှုကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ကလေး ၁ ဦးအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ကလေးငယ်တစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သိရသည်။ 

ထို့အပြင် ရပ်ကွက် ၈ တွင် ဗုံးကြောင့် အရပ်သား နေအိမ် ၉ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု စာရင်းသိရှိရသည်။ 

အလားတူ ယနေ့ မနက် ၇ နာရီခွဲအချိန် မန်တုံမြို့တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ ၁၃၀ တပ်အတွင်း  လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထပ်မံ သိရှိရသည်။

” မန်တုံမှာက ၁၃၀ တပ်ထဲမှာပဲ လာပစ်သွားတာမလို့ အထိအခိုက်တွေ အပျက်အစီးတွေ  မရှိဘူး” ဟု မန်တုံ ဒေသခံ အမျိုးသမီးတစ်ဦးမှ ဆိုပါသည်။

ပုံ – ဒေသခံပေးပို့