နောင်ချိုတွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံ အမျိုးသမီး နှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ
၃၀ စက်တင်ဘာ ၂၀၂၅ ခုနှစ်
ရှမ်းမြောက် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု ရတနာသိင်္ဂီကျေးရွာ ဒေသခံအမျိုးသမီး ၁ ဦး နှင့် ကုန်းစံအုပ်စု ရေးမောင်းကျေးရွာခံ အမျိုးသား ၁ ဦးသည် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် နေ့လည်ပိုင်း ၂ နာရီတွင် အသက် ၅၆ နှစ် အရွယ် ချင်းလူမျိုး ဒေါ်ငိုဒိတ်ကျင် ဆိုသူသည် နေအိမ်ခြံဝန်းအတွင်းတွင် ဟင်းရွက်သွားခူးနေသည့်အချိန် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်နှင့် လက်တစ်ဖက်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်ထံမှတစ်ဆင့် သိရှိရပါသည်၊၊
“အမေက အိမ်ခြံဝန်းထဲမှာ ဟင်းရွက်သွားခူးမယ်ဆိုပြီးတော့ သွားတာ၊ ရေတွင်းဘေးမှာ မိုင်းထောင်ထားတာ မသိဘူး၊ ရေတွင်းကအိမ်ရဲ့ အနောက်ဘေးမှာ ရှိတယ်၊ အဲနားမိုင်းနင်းမိသွားတယ်၊ ဘယ်ခြေထောက်က ပေါင်အထိ ဖြတ်လိုက်ရတယ်၊ ဗိုက်မှာလည်းဒဏ်ရာရတယ်၊ ညာဘက်ခြေထောက်နဲ့ ညာဘက်လက်လည်း ဒဏ်ရာပြင်းတယ်၊ အခုလိုကာလမှာ ဘာမှလည်း လုပ်စားလို့ မရတော့အစားအသောက်ရော ငွေကြေးရော အစစအရာအရာ ခက်ခဲတာပေါ့နော် ” ဟု ကာယကံရှင်၏ သမီးဖြစ်သူမှ ပြောပါသည်။
ထို့အပြင် နောင်ချိုမြို့နယ် ကုန်းစံအုပ်စု ရေမောင်းကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန် ကြံခင်းတွင် ပေါင်းရှင်းနေသည့် ၅၃ နှစ်အရွယ် ဦးကျော်ငွေဆိုသူသည်လည်း မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရပါသည်။
“ကြံခင်းပေါင်းရှင်းတဲ့အချိန်မှာ မိုင်းထိတယ်၊ ကြံခင်းက ရွာအဝင်နားလေးပဲ ရှိတယ်၊ သိပ်မဝေးဘူး၊ ဒဏ်ရာကတော့ ညာခြေထောက်မှာထိတယ်၊ ဒဏ်ရာက တအားပြင်းလို့ ဒူးအပေါ်ပိုင်းထိ ဖြတ်လိုက်ရတယ်၊ ကျန်တဲ့နေရာတော့ ထိတာမရှိဘူး ”ဟု ဦးကျော်ငွေ၏သမီးဖြစ်သူမှ TWO ကို ပြောပါသည်။
၎င်းတို့နှစ်ဦးသည် ဒဏ်ရာပြင်းထန်သောကြောင့် ပြင်ဦးလွင်ဆေးရုံတွင် ယနေ့အချိန်ထိ ဆေးကုနေဆဲ ဖြစ်ပါသည်။
ပုံ – ဒေသခံ
#မြေမြှုပ်မိုင်း #နောင်ချို #ခြေဖျက်ဒဏ်ရာရ #အမျိုးသမီး #ရှမ်းမြောက်
တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ သတင်းအချက်အလက်များကို အောက်ပါ Website တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။



