မြေမြှုပ်မိုင်းကြောင့် နောင်လင်ရွာ ဒေသခံ ၄ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ၊ ဆေးကုသစရိတ်အတွက် အခက်အခဲဖြစ်နေ
အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ညဏ်တောအုပ်စု နောင်လင်ကျေးရွာတွင် ဒေသခံအမျိုးသား ၄ ဦး မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သောကြောင့် ဆေးကုသနိုင်ရန် အခက်အခဲ ဖြစ်နေသည်ဟု မိသာစုဝင်များထံမှ တစ်ဆင့် သိရှိရပါသည်။
ဖြစ်စဉ်တွင် မနေ့က စက်တင်ဘာလ ၂၈ ရက် နေ့လည် ၁ နာရီဝန်းကျင် အချိန်တွင် နောင်လင်ကျေးရွာခံ အသက် ၂၉ နှစ်အရွယ် ကိုသက်နိုင်ထွေးသည် အိမ်ခြံဝန်းအတွင်းတွင် သန့်ရှင်းရေး ပြုလုပ်ရာမှ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
ဆွေမျိုးတော်စပ်သူ တစ်ဦးမှ” ခြံဝန်းထဲမှာ သန့်ရှင်းရေးလုပ်နေတယ်၊ သူ့တံမြတ်စည်းလှည်းနေတဲ့ အချိန်မှာ ထိသွားတယ်၊ခြေထောက်နှစ်ဖက်စလုံး ဒဏ်ရာရတယ်၊ ဘယ်ခြေက တစ်ဝက်ဖြတ်လိုက်ရတယ်၊ ဘယ်ဘက် လက်ကလဲ ဒဏ်ရာရတယ်၊ လက်မှာအပေါက်ပေါက်တွေ အများကြီး ဖြစ်သွားတယ်၊ သူတို့က မိသားစု စားဝတ်နေရေး အဆင်မပြေဘူး၊ သူ့မိန်းမက ကလေးမွေးထားတာ၆ ရက်ပဲရှိသေးတယ်၊ ကျန်တဲ့သူတွေလည်း အသက်ကြီးတဲ့သူနဲ့ ကလေးပဲဆိုတော့ အဆင်မပြေဘူးပေါ့ ” ဟုပြောပါသည်။

ထိုဖြစ်စဉ် နည်းအတူ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲကျော်အချိန်တွင် နောင်လင်ကျေးရွာ၌ပင် နေအိမ်ခြံဝန်းအတွင်း ပြောင်းဖူးချိုးနေသည့် အသက် ၆၉ နှစ်အရွယ်ရှိသည့် ဦးဘမောင်ဆိုသူသည်လည်း မြေမြှုပ်မိုင်း နင်းမိခဲ့ပါသည်။
ဦးဘမောင်၏ သားဖြစ်သူမှ “ အဖေက အိမ်ရဲ့ ခြံဝန်းမှာ ပြောင်းဖူးချိုးနေတာ အဲ့မှာပဲ မိုင်းနင်းမိသွားတာ၊ မိုင်းပုံစံတော့ အဝိုင်းကြီးတယ်၊ အဖေ့ရဲ့ ခြေထောက် ညာဖက် ဖြတ်လိုက်ရတယ်၊ ဘယ်ဘက်ခြေမလဲ ဖြတ်ရတယ်၊ ညာဘက် မျက်လုံးတွေ ညာလက်တွေ ထိသွားတယ်” ဟု TWO ကို ပြောပါသည်။
မိုင်းနင်းမိသည့် နောင်ချိုဒေသခံ အများစုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်တွင် အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်များဖြစ်ကြပြီး မိုးရာသီတွင် သီးနှံများ အချိန်မှီ မစိုက်ပျိုးနိုင်ခဲ့သောကြောင့် ယခုလက်ရှိတွင် စားဝတ်နေရေး အခက်အခဲဖြစ်နေကြပြီး ဆေးကုသရန်အတွက်လည်း နီးစပ်ရာဆွေမျိုးများထံ ငွေချေးပြီး ဆေးကုသနေကြရသည်ဟုဒေသခံများက TWO ကို ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်တွင်လည်း နေ့လည်ပိုင်း ၁၂ နာရီ နောင်လင်ကျေးရွာခံ အမျိုးသား ၂ ဦးသည် ကျေးရွာစာသင်ကျောင်း သန့်ရှင်းရေး လုပ်အားပေးပြုလုပ်ရာမှ မြေမြှုပ်မိုင်း နင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
၃၇ နှစ်အရွယ် ဦးဇော်ထွေးဦးသည်လည်း မိုင်းအစကြောင့် မျက်လုံးကွယ်သွားသည့် ဒဏ်ရာနှင့် ညာခြေထောက်ဖြတ်ရပြီး ရင်ဘတ်၊မျက်နှာတစ်ပြင်လုံး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမျိုးသမီးဖြစ်သူထံမှ ပြောဆိုသည်။
နောက်ထပ် အသက် ၂၅ နှစ်အရွယ် မောင်ဝင်းကိုဦးသည် ခန္ဓာကိုယ်တစ်ခုလုံးနီးပါး မိုင်းအစထိမှန်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ကာယံရှင်မှ ပြောသည်။
“ကျနော်တို့က ကျောင်းမှာ သန့်ရှင်းရေး လုပ်အားပေးလုပ်နေတာ အဲ့အချိန်က ရွာသားတစ်ယောက်က အရင်နင်းမိသွားတာသူကတော့ ဒဏ်ရာအရမ်းပြင်းတယ်၊ မိုင်းအစတွေက ကျနော့်ကို ဆင်ပြီး လာထိသွားတယ်၊ ပေါင်ရယ် ဗိုက် ခြေသလုံး ရင်ဘက်မျက်ခုံး နဲ့ နားတွေ အကုန်ထိတယ် ” ဟု ဆိုသည်။
ညဏ်တောအုပ်စု နောင်လင်ကျေးရွာတွင် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်ခံရရှိသည့် စာရင်းအရ စက်တင်ဘာလ ၁ လအတွင်းတွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့သည် ပြင်ဦးလွင်ဆေးရုံနှင့် နောင်ချိုဆေးရုံတွင် ယနေ့အချိန်ထိ ဆေးကုသနေကြရပြီး ဆေးကုသစရိတ်အတွက် အကူအညီ လိုအပ်နေကြောင်း သိရှိရပါသည်။
စက်တင်ဘာလ ၁၃ ရက် တစ်ရက်တည်းတွင် နောင်ချိုမြို့နယ် မကျီးရေကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည်လည်းပြောင်းဖူးခြံသို့ ပြောင်းဖူးသွားသယ်ရန် သွားနေသည့်အချိန်တွင် လမ်းတွင် မိုင်းနင်းမိပြီး ပေါင်၊ လက်မောင်း နှင့် ဘယ်ခြေထောက်ပြတ်ထွက်သောကြောင့် ဖြတ်လိုက်ရသည်ဟု ကာယကံရှင်၏ ဆွေမျိုးထံမှတစ်ဆင့် သိရပါသည်။
ပုံ – ဆွေမျိုး နှင့် ဒေသခံ



