မိုးကုတ်မြို့ ထပ်မံ ဗုံးကြဲခံရ ဒေသခံ ၃ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ

‎၁၇ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ်

‎တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

‎ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် မိုးကုတ်မြို့ အရှေ့ပိုင်း ပတ္တ​မြားငမောက်ဟိုတယ်အရှေ့နှင့်‎ မြန်မာ့စီးပွားရေးဘဏ် အနားတွင် တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကြဲရာမှ လမ်းသွားလမ်းလာနေသည့် ပြည်သူများအား ထိခိုက်မှုရှိကြောင်း မြို့ခံတစ်ဦးမှ ပြောပါသည်။

‎”သေဆုံးတာက ယောကျ်ားလေး ၂ ယောက်နဲ့ ကလေး ၁ ယောက်။ ဒဏ်ရာရတာ ၁ ယောက်။ ၃ ယောက်လုံးက လမ်းသွား လမ်းလာတွေပဲ ။ နှစ်ယောက်ကတော့ သားအဖ ပွဲချင်းပြီးဆုံးသွားတယ်။ ဒဏ်ရာရတဲ့ ၁ ယောက်က မစိုးရိမ်ရပါဘူး။ အစလာမှန်တာပေါ့ ။ အကုန်လုံးက ယောကျ်ားလေး တွေပဲ”ဟု ပြောပါသည်။

‎ပြီးခဲ့သည့် ဩဂုတ် ၁၄ရက်နေ့ မိုးကုတ်မြို့ အရှေ့ပိုင်း ရွှေဂူရပ်ကွက် လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲခဲ့သောကြောင့် ပြည်သူ ၂၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

‎ထို​ဖြစ်စဥ်နည်းအတူ ဩဂုတ်လ ၉ ရက်နေ့တွင်လည်း မိုးကုတ်မြို့ အရှေ့ပိုင်း သဒွတ်သျှိုအုပ်စု ကျောက်နဂါးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးကြဲခဲ့ခြင်းကြောင့် ​ကျောက်နဂါးရွာ၏ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့သည့်အ​ပြင် ကိုရင် ၁ ပါးအပါ အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၁ ပါးနှင့် အမျိုးသား ၁ ဦး တို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

‎မိုးကုတ်မြို့တွင် လေကြောင်းဗုံးကြဲမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဩဂုတ်လ ၁၇ ရက်နေ့အထိ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ရရှိထားသည့် စာရင်းအရ ကလေး ၁၃ ဦး အပါအဝင် ၆၀ သေဆုံးခဲ့ပြီး ၈၈ ဦး အထိ ဒဏ်ရာရရှိခဲ့သည်။

‎ပုံ – ဒေသခံ