သီပေါမြို့ ဆေးရုံကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့
ပြီးခဲ့သည့် ၄ ရက်နေ့ ည ၁၀ နာရီအချိန်တွင် သီပေါမြို့ဆေးရုံနှင့် မြို့နယ်စည်ပင်ဌာနကို အကြမ်းဖက်စစ်ကောင်စီမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ရွှေကျောင်းရပ်ကွက်ရှိ ဆေးရုံတွင် ၁၀နာရီ ၅ မိနစ်အချိန်တွင် ၁ လုံး ကျပြီး ခွဲစိတ်ခန်းအဆောင် ပျက်စီးခဲ့ပြီး ၁၀ နာရီ ၁၁ မိနစ်အချိန် စျေးရပ်ကွက်ရှိ စည်ပင်ဌာနဝန်းအတွင်းတွင် ၁ လုံး ကျရောက်ပေါက်ကွဲပြီး အနီးရှိ ရုံးခန်းနှင့် နေအိမ်များကို ထိခိုက်ပျက်စီးခဲ့သည်။
ပေါင် ၅၀၀ ဗုံး တိုက်ခိုက်ခံမှုကြောင့် ဆေးရုံခွဲစိတ်ဆောင်ရှိ ဓာတ်မှန်စက်၊ ဓာတ်ခွဲစက်၊ ခွဲစိတ်ခန်းအသုံးအဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့သည်။
ထို့အပြင် စျေးရပ်ကွက် စည်ပင်သာယာရေးဌာနအဆောင်၊ ဦးမောင်ဝင်း၊ ဒေါ်အေးကြာ၊ ပါနွမ်း၊ ပါဟန်၊ ဒေါ်အေးဆေး၊ ပါကူ၊ ဦးကျော်လွင် နှင့် မဌေးကြည် စသည့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။ သို့သော် လူထုထိခိုက်မှု မရှိခဲ့ပါ။
ကိုးကားအရင်းအမြစ် – PSLF/TNLA သီပေါ ထွေအုပ်ရုံး / မြို့နယ်မှူး