မိုင်းလုံနယ်ထဲမှ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စကစမှ ဗုံးကြဲဖျက်စီးခဲ့၊ မယ်သီလရှင် ၁ ပါး နှင့် အမျိုးသမီး ၁ ဦး သေဆုံး
၃၁ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ်
ပြီးခဲ့သည့် ၂၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် မိုင်းလုံမြို့နယ်ခွဲ နမ့်ခုံးကျေးရွာအုပ်စု ပန်သပြေကျေးရွာ၏ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပန်သပြေကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံးဖြင့် ဗုံးကြဲတိုက်ခဲ့ပြီး မယ်သီလရှင် ၂ ပါး သေဆုံးခဲ့ပြီး ရဟန်းသံဃာတော် ၂ ပါး၊ အရှင်သာမဏေ ၃ ပါး နှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မိုင်းလုံဒေသခံထံ သိရှိရသည်။
“ မိုးကုတ်နောင်ချိုလမ်းဘက်မှာ ရှိတဲ့ ပန်သပြေရွာမှာ၊ ညမှာချသွားတာ၊ ဘုန်းကြီးကျောင်းတွေထိတယ်၊ သီလရှင်တွေထိတယ်၊ အသံတအားကျယ်လို့ မြို့သစ်၊ ပန်စရီအထိတောင် အသံကြားရတယ်တဲ့၊ အဲဒီညမတိုင်ခင်လဲ ဒရုန်းလာချသေးတယ်” ဟု TWO ကို ပြောသည်။
ပေါင် ၂၅၀ ဗုံးကြဲမှုကြောင့် အသက် ၄၀ နှစ်အရွယ် မယ်သီလရှင် ယာအေးအေး နှင့် ၄၃ နှစ် ဒေါအေးအွ သေဆုံးခဲ့သည်။ ထို့အပြင် ဦးပဇင်း ၂ ပါး၊ ကိုရင်လေး ၃ ပါး နှင့် ရွာခံ အမျိုးသား ၁ ဦး တို့သည် ဒဏ်ရာရရှိခဲ့ပြီး ပန်သပြေကျေးရွာတွင် ဆေးကုနေကြသည်ဟု သိရသည်။

ထို့နောက် နေအိမ် ၄ အိမ်နှင့် ဘုန်းကြီးကျောင်း၊ ဇရပ်၊ မယ်သီလရှင်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။
ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးမကြဲခင် ၂၈ ရက်နေ့ညတွင်လည်း ပန်သပြေကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် အသေခံဒရုန်း ၁ စင်းဖြင့် အုတ်တံတိုင်းဘေးတွင် လာရောက်ဗုံးကြဲခဲ့ပြီး ဒေသခံ ထိခိုက်မှု မရှိခဲ့ပါဟု ထပ်မံသိရသည်။

မနေ့ည ၃၀ ရက်နေ့ည ၁၀ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ် ဟူးတောင်းကျေးရွာအုပ်စု လွယ်ခေါ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ပြီး နေအိမ် ၄ အိမ် ထိခိုက်ပျက်စီးပြီး ဒေသခံများ တိမ်းရှောင်နေသောကြောင့် အရပ်သား ထိခိုက်မှုမရှိခဲ့ပါဟု စုံစမ်းသိရှိရသည်။
ပုံ – ဒေသခံပေးပို့သည်။