မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိပ်ကျေးရွာ ဒုတိယအကြိမ် ဗုံးကြဲခံရ၊ ၈ ဦး အနက် ကလေး ၃ ဦးအပါ ဒဏ်ရာရ  

၁၄ ရက် ဇူလိုင်လ ၂၀၂၅ ခုနှစ် 

မိုးကုတ်မြို့ ပန်းမထိပ်ကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကောင်စီသည် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA မှ ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ၁၄ ရက်နေ့ ညပိုင်း ၁၀ နာရီ ခွဲအချိန်တွင် ပန်းမထိပ်ကျေးရွာကို ဒုတိယအကြိမ် လေကြောင်းဖြင့် ပစ်မှတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် (မိန်းကလေး) ၃ ဦးအပါအဝင် ဒေသခံ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 

ဗမာလူမျိုးဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် မရှင်းသန့်၊ မဖူးဖူး ၁၀ နှစ်၊ မအိသွယ် ၁၈ နှစ်၊ ဦးမောလီ ၅၅ နှစ်၊ ဒေါ်အေးမြင့် ၅၃ နှစ်၊ ကိုဟန်နိုင်ဇော် ၂၅ နှစ်၊ ကိုလတ် ၄၁ နှစ်၊ ဒေါ်တင်တင်လေး ၅၁ နှစ် တို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး လက်ရှိ မိုးကုတ်ဆေးရုံတွင် ဆေးကုသနေကြသည်ဟု သိရသည်။ 

ထို့အပြင် နေအိမ် ၈ အိမ်နှင့် အိမ်စီးကား ၂ စီး ဗုံးစထိမှန် ပျက်စီးခဲ့သည်ဟု ကွင်းဆင်းမှတ်တမ်းတင် ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၉ ရက်နေ့ ည ပိုင်း ၈ နာရီကျော်အချိန်တွင် ပန်းမထိပ်ကျေးရွာကို ပထမအကြိမ် ဗုံးကြဲခဲ့ခြင်းကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၇ နှစ် နှင့် ၇ လသားအရွယ် ကလေးပါအဝင် ဒေသခံ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ အိမ် ပျက်စီးသွားခဲ့သည်။ 

ကိုးကား အရင်းအမြစ် – PSLF/TNLA & TLAF & မိုးကုတ်ဆေးရုံမှ ဝန်ထမ်းများပေးပို့သည် အချက်အလက်