မိုးကုတ်မြို့ကို စကစ မှ ဗုံးကြဲ ဒေသခံ ၂ ဦးဒဏ်ရာ နေအိမ် ၅ အိမ် ထိမှန်ပျက်စီး

တအာင်းတပ်မတော် ထိန်းချုပ်ထားသော မိုးကုတ်မြို့အရှေ့ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အရပ်သား နေအိမ် ၅ အိမ် ထိခိုက်ပျက်စီးခဲ့သည်။

ဖြစ်စဉ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်  ၇ နာရီကျော်အချိန်တွင်  ရေပူအုပ်စု အုန်းကိုင်းရပ်ကွက်တွင် ပေါင် ၂၅၀ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ကလေး ၁ ဦး နှင့် အမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် (၅)အိမ် ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။

“အုန်းကိုင်း လင်းရောင်ခြည်ဘုန်းကြီးကျောင်း အဝင်တံခါးမှာကျတယ်။  ဘေးပတ်ဝန်ကျင်က အိမ်တွေ ၅ အိမ်ပျက်စီးသွားတယ်။ အဲနားမှာ နေတဲ့ မိန်းကလေး ၂ ယောက်လည်း ထိသွားတယ်။ ၂ ယောက်လုံးက ဒဏ်ရာရတယ်။ “ ဟု ပြောပါသည်။

အဆိုပါ ဒဏ်ရာရရှိသည့်သူသည် အသတ် ၁၇ နှစ်အရွယ်ရှိ မမြင့်မြင့်စိုး သည် ဘယ်ခြေသလုံး ထိခိုက်ဒဏ်ရာရရှိပြီး  ၄၈ နှစ်အရွယ်ရှိ မမြမြဦးသည် ဝမ်းဗိုက်လျှက်ထိ ဒဏ်ရာရရှိခဲ့ပါသည်။