လားရှိုးမြို့ကို စကစကမှ ၇ ကြိမ်မြောက်လေယာဉ်ဗုံးကြဲ၊ ဒေသခံ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး  ကိုယ်ဝင်ဆောင် ၁ ဦး အပါအဝင်  ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ 

ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်အစောပိုင်း ၃ နာရီခွဲကျော်ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရပ်ကွက် (၁) နယ်မြေ (၈) လားရှိးမြို့မ ဈေးကြီးနှင့် ရပ်ကွက် (၂) ကျောက်တောင်လမ်းဘက်တွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။

လားရှိုးဒေသခံတစ်ဦးမှ ‘’ ၃ နာရီကျော်မှာ လာကြဲသွားတယ်၊ ကျောက်တောင်လမ်းမှာ ၂ ယောက်သေသွားတယ်၊ ဒဏ်ရာရတာ က ၆ ယောက်ရှိတယ် ကိုယ်ဝန်ဆောင် ၁ ယောက်ပါတယ်၊ သူ့က ခြေထောက်မှာပဲ ဒဏ်ရာရတယ်’’ ဟု ဆိုပါသည်။

အဆိုပါ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့မဈေး၏ ဆိုင်ခန်းအချို့နှင့် ရပ်ကွက် (၂) ရှိ Green Park ဟိုတယ်လည်း လေယာဉ်ဗုံးစထိမှန်ပြီး ပျက်စီးခဲ့ပါသည်။

ထိုဖြစ်စဉ်နည်းအတူ လွန်ခဲ့သည့် စက်တင်ဘာလ ၂၄ ရက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ပေါင် ၅၀၀ ဗုံးနှင့် လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့်  ဖူလီလိုက်ဟိုတယ် ၊ ရထိုက်ဟိုတယ်နှင့် အနီးနားရှိအရပ်သားနေအိမ်များ အပါအဝင် ထိခိုက်ပျက်စီးမှုရှိသည့်အပြင် ဒေသခံ ၁ ဦးလည်း သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ထို့အပြင် စက်တင်ဘာလ ၂၅ ရက်တွင်လည်း ရပ်ကွက် ၁၂ ရှိ နည်းအညာအထက်တန်းကျောင်းနှင့် အေဒီတပ်ဦးဘုန်းကြီးကျောင်းတွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။

ကိုးကန့်တပ်မတော်ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီဘက်မှ လွန်ခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့တွင် ၁ ကြိမ်၊ စက်တင်ဘာလ ၈၊ ၉၊ ၂၁၊ ၂၄၊ ၂၅, ၂၇ ရက်နေ့ စုစုပေါင်း ၇ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

သတင်းဓာတ်ပုံ – Nay Wai Soe / လားရှိုးမြို့ပြန်လည်ထူထောင်ရေး 

#လားရှိုးမြို့ #ဗုံးကြဲခြင်း#ကိုယ်ဝန်သည်ဒဏ်ရာရ #မြို့မစျေး #လေယာဉ်ဗုံးကြဲ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း