လားရှိုးမြို့အတွင်း အကြမ်းဖက်စစ်တပ်၏ လေ​ယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားသည့်  လားရှိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ရက်နေ့ မနက် 10 နာရီခွဲဝန်းကျင်ခန့်တွင်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရပ်ကွက်၁ ဗျူဟာလမ်း တို့တွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

“ကျမလားရှိုးပြန်ရောက်တာ မကြာသေးဘူး မနေ့မနက် သူတို့ လေယာဥ် နဲ့ ပြန်လာကြဲတော့ အရမ်းလန့်သွားတယ်၊ သာသနာ့၂၅၀၀ တောင်ခြေ နဲ့ ထွေအုပ်ရုံးမှာ ကျတာ  လူတွေ အများကြီးထိသွားတယ်၊ စစ်ရှောင်ပြီး ပြန်ရောက်လာတဲ့ သူတွေတချို့က ပြန်ရှောင်သွားကြတယ်။”ဟု  လားရှိုးပြန်ရောက်ဒေသခံ တစ်ဦးမှ ပြောသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွေ/အုပ်ရုံးမှဝန်ထမ်းတစ်ချို့အပါအဝင် ပြည်သူ(၁၂)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိပြီး  ပြည်သူ့နေအိမ် အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။

စက်တင်ဘာလ ၈ရက်နေ့တွင်လည်း လာရှိုးမြို့အတွင်းရှိ Silver Sky ဟိုတယ် နှင့်  မြို့နယ် အားကစားကွင်း တို့တွင်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“မြို့ထဲမှာ လူတွေပြန်မလာရဲသေးကြတော့ ရှိနေတဲ့သူတွေက  သွားလာမှု ပုံမှန်ပဲ စျေးလဲ စားသောက်ကုန် အပိုင်းမှာ ခင်းတာရှိပေမယ့် ​​လေယာဥ်ဗုံးကြဲတာကို ကြောက်နေကြသေးတယ်”ဟု ၎င်းမှ ထပ်မံ ဆိုသည်။

MNDAA တပ်ဖွဲ့ မှ သိမ်းပိုက်ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းမှာ  အကြမ်းဖက် စစ်ကောင်စီတပ်က သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီသည်  ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အကြမ်းအဖွဲ့အဖြစ် ကြေညာပြီးနောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ မြို့များတွင် ပြည်သူလူထု နေထိုင်ရာ နေရာများကို ဦးတည်ပြီး လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေ​သည်။

Photo – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ၏ Facebook page

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ဒေသခံ #ဒဏ်ရာရ #စကစ #လေယာဥ်ဗုံးကြဲ #လားရှိုး