နမ္မတူမြို့ ပုဗ္ဗာရုံကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ ထပ်မံဗုံးကြဲတိုက်ခိုက်
၇ ရက် အောက်တိုဘာလ ၂၀၂၅
ယနေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်း ၆ နာရီခွဲအချိန်တွင် နမ္မတူမြို့နယ် ပုဗ္ဗာရုံကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ ဦးတည် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆောင်အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရှိရသည်။
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ် ရပ်ကွက် ၈ ရှိ ပုဗ္ဗါရုံဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမှု မရှိပဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နမ့်တူရောက်ရှိနေသည့် ဒေသခံအမျိုးသမီးတစ်ဦးမှ “ ဘုန်းကြီးကျောင်းကို မရမက ပစ်မှတ်ထားတာ၊ အရင်ရက်တုန်းကလဲ ကျောင်းကိုပဲဦးတည်တာ လွှဲသွားလို့ ပြန်လာပစ်တာပဲ ဖြစ်နိုင်တယ်၊ တော်သေးလို့ ဘုန်းကြီးတွေ ကိုရင်တွေက ကြိုရှောင်ထားလို့ ဘယ်သူမှမထိခိုက်ဘူး၊ ကျောင်းဆောင်တွေတော့ ရစရာမရှိတော့ဘူး” ဟု TWO ကို ပြောသည်။
မနေ့ ၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင်လည်း နမ္မတူမြို့အလယ် ရပ်ကွက်(၂) တွင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၆ အိမ် အထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအမျိုးသား ၁ ဦး နှင့် အမျိုးသမီး အနည်းငယ် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။
နမ္မတူမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကတည်းက ရက်ကွက် (၈) တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
နမ္မတူမြို့တွင် ဗုံးကြဲပြီးနောက် ဖုန်းလိုင်းအော်ပရေတာများ ပြတ်တောက်သွားခဲ့ပြီး မြို့ခံများသည် ဘေးလွတ်ရာနေရာများကို ယနေ့အထိ ရှောင်တိမ်းနေကြရသည်ဟု သိရသည်။
ပုံ – ဒေသခံ











