မိုင်းလုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီမှ ဗုံးကြောင့် ဒေသခံ အမျိုးသမီး သေဆုံးပြီး ကျောင်းသူ ၁ ဦး ထိခိုက်ဒဏ်ရာရ

မနေ့ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲအချိန် ရှမ်း/မြောက်ပိုင်း မိုင်းလုံမြို့နယ်ခွဲ တောင်နီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံအမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက်(၁၀) နှစ်အရွယ် ကျောင်းသူ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။

အဆိုပါ တစ်ဖက်သတ်ဗုံးကြဲမှုကြောင့် အရပ်သားနေအိမ် ၂ အိမ်နှင့် စာသင်ကျောင်းဆောင် ထိခိုက်ပျက်စီးပြီး ကျောင်းဆင်းပြီးချိန် နောက်ပိုင်း နေအိမ်တွင် ထမင်းဟင်းချက်နေသည့် ကျောင်းသူ လွေးကို ဗုံးစများ ထိမှန်ကာ ပြင်းထန်သော ဒဏ်ရာရခဲ့ပါသည်။

တောင်နီကျေးရွာအုပ်စု ဒေသခံတစ်ဦးက “လေယာဉ်က ဘယ်ကနေလာမှန်းလဲမသိဘူး ရွာအနားလေးရောက်တဲ့ အချိန်ပဲ သိရတယ် အဲ့အချိန် ကျနော်လမ်းမှာကားမောင်းနေတာ အိမ်မရောက်ေသးဘူး၊ ခဏနေကျတော့ ဗုံးအသံကြားရတယ်၊ တောင်နီရွာအဝင်မှာ ချသွားတယ်၊ မနေ့တုန်းက ၃ ခါချသွားတယ် တောင်နီရယ်၊ နမ့်စီကာရယ်၊ နောက်ပြီးတော့ ပန်သပြေရွာရယ် မိုးကုတ်နယ်ထဲကပေါ့၊ အဲ့မှာ လူထိခိုက်တာတော့ မကြားရဘူး”ဟု ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် တောင်နီကျေးရွာတွင် ဗုံးကြဲခဲ့ပြီးနောက် နမ့်စီကာကျေးရွာ၏ စာသင်ကျောင်းရှေ့တွင်လည်း ဗုံး ၁ လုံး ကြဲခဲ့ရာ အရပ်သားထိခိုက်မှုမရှိပဲ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပန်သပြေကျေးရွာတွင် ထပ်မံဗုံးကြဲခဲ့သည်ဟု သိရသည်။

ဓါတ်ပုံ – ဒေသခံပေးပို့

#လေယာဉ်ဗုံးကြဲ # ကျောက်မဲ #အမျိုးသမီး #ကလေး #သေဆုံး #စကစ