ကျောက်မဲမြို့တွင် စတင်ဖြစ်ပွါးသော တိုက်ပွဲကြောင့်ဒေသခံ ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့
အပစ်အခတ်ရပ်စဲထားသည့် ရှမ်း/မြောက်တွင် ကျောက်မဲမြို့နယ်မှာ ယနေ့မနက် ၆ နာရီကနေစတင်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားနေပြီး ယခုသတင်းရေးသားနေချိန်ထိ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေခြင်းကြောင့် ဒေသခံ မျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ကျောက်မဲမြို့ခံအမျိုးသမီးတစ်ဦးက “မနက်ကတည်းက ပစ်နေကြတာ၊ မနက်တုန်းက အပြန်အလှန်ပစ်ကြတာ၊ တအာင်းစစ်သားတွေက ငြိမ်းချမ်းရေးကုန်းအထိဝင်လာနေကြပြီ၊ တောင်နောက်ရပ်ကွက်ထိ ရောက်လာတယ်၊ အခုတော့ တစ်ဖက်သတ်ပဲ လက်နက်ကြီးပစ်တဲ့ အသံကြားနေရတယ် လေယာဉ်နှစ်ခါ လာဝဲသွားတယ် အရင်တုန်းကလို နိမ့်နိမ့်လေးတော့မဟုတ်ဘူး အမြင့်ကြီးပျံတာ ဘာမှတော့မလုပ်သွားဘူး၊ ဒါမယ့် လူသေတာရှိပြီ ဒဏ်ရာလဲရတဲ့သူရှိပြီ”ဟု သူမက ပြောသည်။
ထုံးဖိုရပ်ကွက်(၈) အရပ်သားနေအိမ်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ညီအစ်ကို ၂ ဦး လက်နက်ကြီးကျည်စများထိမှန်ရာတွင် ညီဖြစ်သူ ကိုအိုက်မျိုး သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူ ဦးအောင်ခင်သည် ဦးခေါင်းတွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် တိလင်ရပ်ကွက်(၉) တွင်လည်း အမျိုးသမီးဖြစ်သည့် မစောခင်ကို ဦးခေါင်းသေနတ် ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး မြို့ပြင်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိသည့် ပန်ပေါင်းကျေးရွာ အသက် (၁၄) နှစ်အရွယ် ကလေးငယ် နန်းအွမ်ငင်းကိုလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ကျောက်မဲဆေးရုံကို ပို့ဆောင်ထားသည်ဟု နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲထံမှ တဆင့်သိရှိရသည်။
တိလင်ရပ်ကွက် အမျိုးသားတစ်ဦးမှ “ ကျနော်တို့က အိမ်ထဲမှာပဲနေတယ် သတင်းနားစွင့်နေကြတယ်၊ အိမ်ပြင်တော့မထွက်ရဲဘူး၊ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေကြတာ၊ အခုဆုံးသွားတဲ့သူတွေက အိမ်ထဲကနေထွက်ပြေးသွားလို့ သူ့ကို သေနတ်ထိသွားတာ၊ အခွန်လွတ်စျေးဘက်က ထုံးဖိုရပ်ကွက်မှာ ညီအစ်ကို နှစ်ယောက်ထိသွားပြီ သူ့အစ်ကို ဒဏ်ရာတွေနဲ့ သူ့ညီကတော့ သေသွားပြီ သူတို့က ဒေါစောမူရဲ့ တူတွေမြေးတွေလေ”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ ပြောပြပါသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင့်တပ်မတော် (AA/ULA) နှင့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်အစိုးရမှ ကမကထပြုလုပ်ပေးခဲ့သော အစည်းအဝေးတွင် ဟိုင်ဂင်သဘောတူညီမှုစာချုပ်ခဲ့ပြီးနောက် ၆ လနီးပါး အပစ်အခတ်ရပ်စဲခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်တွင်ပါဝင်သည့်အချက်များကို အကြိမ်ကြိမ်ချိုးဖောက်မှု ရှိခဲ့ပြီး တအာင်းဒေသတွင် လေကြောင်းဗုံးကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်လက်ပြုလုပ်နေပါက တအာင်းတပ်မတော်အနေဖြင့် ပြည်သူလူထုများကို ခုခံကာကွယ်သွားရန် တာဝန်ရှိသည်ဟု ထုတ်ဖော်ပြောဆို ခဲ့ပြီးနောက်တစ်ရက် ယနေ့ ဇွန်လ ၂၅ ရက်နေ့မှာပဲ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုမြို့တို့တွင် တိုက်ပွဲတစ်ဖန် ပြန်လည် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဓါတ်ပုံ – ဒေသခံပေးပို့
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#သေဆုံး #အမျိူးသမီး #ကလေး # ကျောက်မဲ #တိုက်ပွဲ