ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့
သဘောထားထုတ်ပြန်ချက်
“ညှဉ်းပန်းနှိပ်စက်ခံရသူများအား တရားမျှတသော လူ့အသိုင်းအဝိုင်းဖြစ်ဖို့ အားလုံးပူးပေါင်းကူညီကြပါစို့”
ရက်စွဲ။ ။ ၂၆ ရက်၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်
၁) ယနေ့ကျရောက်သော ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် တအာင်းဒေသအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို အလေ့အထ ဓလေ့ စစ်လက်နက်သဖွယ် ကျင့်သုံးနေပြီး ယနေ့အချိန်အထိ ကျူးလွန်သူများမှ အပြစ်ပေးအရေးယူခံရခြင်းမရှိပဲ ဆက်လက်ကျူးလွန်လျက်ရှိသည်။ ထိုသို့ ကျူးလွန်သူများမှ အာဏာအလွဲသုံးစားလုပ်ကာ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေသည့်အပေါ် မိမိတို့တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
၂) ဖော်ဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်အချိန်မှ ဇွန်လ ၂၀၂၄ အထိ တအာင်းဒေသအတွင်း ညှဉ်းပန်းနှိပ်စက်ခံရသည့် ပြည်သူလူထု (၅၃) ဦးရှိပြီး အများစုသည် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ထားသည့် ပြစ်မှုများဖြစ်သည်။ ထို့အပြင် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မပေါ်တာဆွဲခံရခြင်း၊ လေယာဉ်ဖြင့် ပြည်သူပိုင်နေရာများ၊ ကျေးရွာများကို ဗုံးကြဲခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်း ပေါက်ကွဲခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်ခံရသူ စုစုပေါင်း (၃၆၁) ဦးရှိသည်ကို မိမိတို့ လက်လှမ်း မီသလောက် မှတ်တမ်းပြုစု ထားပါသည်။
၃) အကြမ်းဖက်စစ်ကောင်စီမှ ၎င်းလူ့အခွင့်အရေးချိုးဖောက်မှုများကို အကြောင်းအရင်းမရှိဘဲ စနစ်တကျ၊ ရည်ရွယ် ချက်ရှိရှိ ကျူးလွန်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးနှိပ်စက်ကာ ဖြောင့်ချက်/ ထွက်ဆိုချက် တခုခုတောင်းခံခြင်း၊ လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ဆက်သွယ်ခြင်း စသည့်စွပ်စွဲချက်များဖြင့် စွပ်စွဲပြီး ပြစ်မှုများ ကျူးလွန်လျက်ရှိသည်။
၄) အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လူသားမဆန်ပြစ်မှုများကို ကျူးလွန်လျက်ရှိသော်လည်း ခေတ်အဆက်ဆက်တွင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေပြီး အရေးယူခံရမှု မရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့စွာ ဆိုးဝါးသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ရက်စက်ကြမ်းကြုတ်စွာ ချိုးဖောက်ကျူးလွန်လျက်ရှိသည်။
၅) ပြည်သူလူထုများအပေါ် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုများ၊ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများကို ကျူးလွန်နေသော အကြမ်းဖက် စစ်ကောင်စီအား အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများအား တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ အောက်ပါ အချက်များကို တောင်းဆိုသည်။
- နိုင်ငံတကာအဖွဲ့အစည်းမှ နိုင်ငံရေးအရ ပိုမိုဖိအားပေးရန်အတွက်အကြမ်းဖက်စစ်ကောင်စီအား ထိရောက် သည့် စီးပွါးရေး ပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် စစ်ကောင်စီနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများအားလုံး ပိတ်ဆို့ထားရန်
- ပြည်ပမှ လက်နက်နှင့် လေယာဉ်လောင်စာဆီတင်ပို့ရောင်းချမှုကို ပိတ်ဆို့ရန်၊
- အကြမ်းဖက်စစ်ကောင်စီနှင့် နိုင်ငံရေးအရ တရားဝင်မှုပေးသည့် လုပ်ရပ်များဖြစ်သော ဆွေးနွေးပွဲများတွင် ဖိတ်ခေါ်ခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ဆက်သွယ်ဆက်ဆံခြင်းကို မပြုလုပ်ရန်
- လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် ပြည်သူလူထုများ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ လုံလောက်စွာ ရရှိရေးအတွက် သက်ဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီ ဆောင်ရွက် ပေးပါရန်
- အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်လှသော ညှဉ်းပန်းနှိပ်စက်မှုများနှင့် စစ်ရာဇဝတ်ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို တရားမျှတမှုအတွက် အပြစ်ပေးအရေးယူမှု ဆောင်ရွက်ပေးရန်
ဆက်သွယ်ရန်
၀၉ _ ၄၂၇ ၉၅၈ ၂၈၄
၀၉ _ ၄၀၂ ၀၂၇ ၁၀၄