မိုးမိတ်တွင် အကြမ်းဖက်စကစမှ ဗုံးကြဲ၊ ကလေး ၂ ဦး အပါအ၀င် ဒေသခံ ၇ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရရှိ
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု
ဝဲပေါင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၇ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
မနေ့ အောက်တိုဘာလ ၉ ရက် ည ၆ နာရီခွဲအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ဝဲပေါင်းကျေးရွာအတွင်းကို အကြမ်းဖက်စစ် ကောင်စီမှ ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဖြစ်စဥ် သိရှိသူ မိုးမိတ်ဒေသခံအမျိုးသားတစ်ဦးမှ ပြောပြခဲ့ပါသည်။
“ည ၇ နာရီထိုးခါနီးလောက် လာကြဲသွားတယ်၊ ဗုံး ၃ လုံးပေါ့၊ အဲဒီမှာ ပြည်သူ ၇ ယောက်သေတယ်၊ သေတဲ့ အထဲမှာ ကလေး ၂ ယောက်ပါတယ်၊ ၈ ယောက်က ဒဏ်ရာရတယ်၊ နေအိမ် ၁၀ လုံးလည်း ပျက်သွားတယ် ” ဟု ပြောပါသည်။

လေယာဉ်ဗုံးကြောင့် ဒေသခံအမျိုးသမီ (၃) ဦးနှင့် အမျိုးသား(၄) ဦးထိမှန်သေဆုံးခဲ့ပြီး (၈) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် အပြင် အရပ်သားနေအိမ် ၁၀ အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်ဟု ထိုအမျိုးသားမှ ဆိုပါသည်။
ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှင့် ရော့ကဒ်ဒုံး ၆ လုံးအပါ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ်မတော်မှ ထုတ်ပြန်ထားပါသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ကောက်ယူထားသည့် မှတ်တမ်းအရ အောက်တိုဘာလ ၁ ရက်နေ့မှ ယနေ့ ၁၀ ရက်အထိ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၇ ဦးအပါအဝင် သေဆုံးသူ ၂၆ ဦး နှင့် ကလေး ၇ ဦးအပါအဝင် ဒဏ်ရာရရှိသူ ၃၅ ဦး ရှိခဲ့သည်။
ပုံ – ဒေသခံ










