နမ့်ဆန်မြို့နယ်တွင် ဗုံးကြဲမှုကြောင့် ကလေး ၂ ဦးသေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
၄ ရက် အောက်တိုဘာလ ၂၀၂၅ ခုနှစ်
ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီခွဲအချိန်တွင် နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယောကျာ်လေး ကလေး ၂ ဦး သေဆုံးပြီး နောက်ထပ် မိန်းကလေးငယ် ၁ ဦးနှင့် ယောကျာ်လေး ၄ ဦးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဒေသခံ အမျိုးသမီးတစ်ဦးမှ “ အဲဒီထိတဲ့ လူတွေကျတော့ ကလေးတွေပဲ၊ သေသွားတာ မိန်းကလေးမပါဘူး ယောကျာ်လေး ၂ယောက်စလုံး၊ အိမ်တွေလဲ အများကြီး ထိတယ် အများကြီးပျက်စီးတာက ၁၃ ကျန်တဲ့နဲနဲပါးပါး ထိတဲ့ဟာတော့ စာရင်းမတွက်ထားဘူး” ဟု ပြောသည်။

ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အသက် (၁၀)နှစ်အရွယ် မောင်ဇေယျာအောင် နှင့် အသက် (၁၃)နှစ်အရွယ် မောင်ထွန်းမျိုးအောင် ထိမှန်သေဆုံးသွားသည်။
အသက် (၁၀)နှစ်အရွယ် မမြတ်ဝန်းချယ်၊ အသက်(၁၂)နှစ် မခင်ယုမေ၊ အသက် (၉)နှစ်အရွယ် မသန္တာစိုး၊ အသက်(၁၂)နှစ်အရွယ် မခင်လှပြည့်နှင်း၊ အသက် (၁၃)နှစ်အရွယ် မထွေးရီ၊ အသက် (၁၄)နှစ်အရွယ် မောင်ခန့်သူရိုန်မင်း နှင့် အသက် (၄၀)နှစ်အရွယ် ဦးတောင်တန်း၊ အသက် (၆၀)နှစ်အရွယ် ဦးဖိုးရှမ်း နှင့် အသက် (၆၀)နှစ်အရွယ် ဦးပန်ကျန်းတို့ ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၁၆ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းတပ်မတော် PSLF/TNLA မှ ထုတ်ပြန်ထားသည်။
အလားတူ သီပေါမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ယမန်နေ့ ၂ ရက်နေ့တွင် စံဖိတ်ကျေးရွာတွင် ၁ ကြိမ် နှင့် ယနေ့ ၄ ရက်နေ့တွင် မန်ဟဲကျေးရွာတွင် မြေရှင်းလင်းလုပ်နေသည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟိုတယ်အဆောက်အဦး ပျက်စီးခဲ့သည်။
ပုံ – TWO / ဒေသခံပေးပို့











