MNDAA တပ်ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် စကစမှ ထပ်မံဗုံးကြဲခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ 

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 

မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ခင်း ၂ နာရီခွဲအချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ ပန်လော့ကျေးရွာအုပ်စု မန်ချက်ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး(၃) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း  ဒေသခံများထံမှတစ်ဆင့် သိရပါသည်။ 

“ဒီမနက် ၂နာရီခွဲပေါ့ ဂျက်လေယာဉ်နဲ့ လာကြဲချသွားတာ၊ အသံက အရမ်းကျယ်တယ်၊ ရွာကနေတောင်ကြား ရတယ်၊ ထိခိုက်သွားတဲ့သူတွေက ဒဏ်ရာပြင်းထန်လာတော့ မသိသေးဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။ 

ယခုတစ်ခေါက်ဗုံးကြဲမှုသည် ကိုးကန့်တပ်မတော် (MNDAA)မှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးနေအိမ်များကို ပစ်မှတ်ထားချိန်ပစ်ခြင်းဖြစ်သည်ဟု ၎င်းအမျိုးသမီးမှထပ်မံ သုံးသပ်ပြောကြားခဲ့ပါသည်။

 “ပစ်တာက မန်ချက်ကျေးရွာမှာ အာ့မှာက အုပ်ချုပ်ရေးမူး အိမ်ရှိတယ်လေ အဲဒါကို ချိန်ပြီးပစ်တာ၊ အဲ့အိမ်မထိဘဲ အနောက်က အိမ်တွေသွားထိသွားတာ အမိုးတွေပွင့်သွားတာ” ဟု ထပ်မံပြောသည်။ 

အဆိုပါ လေယာဉ်ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် ပြည်သူများ၏ ဒဏ်ရာအခြေအနေနှင့် အချက်အလက်ရရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လတွင် အကြမ်းဖက်စစ်ကောင်စီသည် သိန္ဒီမြို့၏ အ.ထ.က (၁) အထက်တန်းကျောင်း၊ မြို့မစျေး၊ ရဲစခန်းအနီး နှင့် မိုင်းလီကျေးရွာတွင် လေကြောင်းဖြင့် ဗုံးကြဲမှုပြုလုပ်ခဲ့ပြီးနောက် ၃ လ နီးပါးအကြာမှ ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ 

ပုံစာ – လားရှိုးမြို့ပြန်လည်ထူထောင်ရေး 

#လေကြောင်းဗုံးကြဲခြင်း #သိန္နီမြို့ #ကိုးကန့်တပ် #MNDAA #စာသင်ကျောင်း #အရပ်သားနေအိမ် #အရပ်သားဒဏ်ရာရ #တအာင်းအမျိုးသမီးအဖွဲ့အစည်း