မန်လီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ ၃ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက် 

တအာင်းတပ်မတော် (TNLA) ထိန်းချူပ်ထားသည့် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့် ပေါင် ၅၀၀ ၂ လုံးဖြင့် လာရောက်ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု သိရပါသည်။

မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ယနေ့ဇွန်လ ၁၂ ရက်နေ့ နံနက်ခင်းအစောပိုင်း ၁ နာရီ ၁၀ မိနစ်အချိန်၌ ၁ ကြိမ်၊ ၁နာရီ ၁၇ မိနစ်၌ ၁ ကြိမ် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်၊ စာသင်ကျောင်းဆောင်များနှင့် အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။ 

မန်လီကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက “ဒီနေ့ မနက် ၁နာရီက ဗုံးလာကြဲတာ ၂လုံးကြဲခဲ့တာ အရင်က ဗုံးကြဲခဲ့လို့ ကျွန်မတို့ရဲ့ ကျောင်းဆရာမသေခဲ့တဲ့ နေရာမှာလေ လာကြဲတာက ကြဲပြီးတော့ ကျွန်မက တစ်ရွာကိုလုံးကို လိုက်အော်တယ် ရွာမှာမနေ့တော့နဲ့ ခဏရှောင်နေကြဖို့ပေါ့၊ နောက်ထပ်လာကြဲမှာစိုးလို့လေ၊ ကျွန်မတို့အိမ်တွေလဲထိတယ်၊ လူတော့မထိဘူး၊ ကံကောင်းတယ်လို့ ပြောရမှာပေါ့ ဘုန်းကြီးကတခြားရွာမှာ သွားနေတာ၊ ကျန်တဲ့ကိုရင်က အိမ်သာသွားတဲ့အချိန်မို့လို့ မထိလိုက်ဘူး”ဟု ပြောပါသည်။

လက်ရှိအချိန်တွင် မန်လီကျေးရွာဒေသခံများသည် လေကြောင်းထပ်မံဗုံးကြဲလာမည်ကို စိုးရိမ်သောကြောင့် ကျေးရွာအနီးရှိ တောင်ယာများနှင့် ကျေးရွာများတွင် တိမ်းရှောင်နေကြသည်ဟု ထိုဒေသခံအမျိုးသမီးက တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ထပ်မံပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မန်လီရွာ၏ ဘုန်းကြီးကျောင်းဆောင်နှင့် စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းဆောင်အများအပြား ပျက်စီးခဲ့သည့်အချိန် TLEC ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မန်လီကျေးရွာ၏ စာသင်ကျောင်းနှင့် နေအိမ်အချို့ကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

တတိယအကြိမ်ဗုံးကြဲမှုတွင် လူထုထိခိုက်မှုမရှိသော်လည်း ယခင် ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် ဘုန်းကြီးကျောင်းဆောင်အချို့နှင့် စာသင်ကျောင်းကို ပြန်လည်ပြုပြင်ထားသည့် နေရာတွင်သာ တတိယအကြိမ် ထပ်မံဗုံးကြဲခြင်းကြောင့် ထပ်မံပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။