ကွမ်ဟယ်ကျေးရွာတွင် စကမ ဗုံးကြဲပြီး ကနဦးအရ ၆ ဦး သေဆုံး၊ ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ
၁၈ ရက် အောက်တိုဘာလ ၂၀၂၅
တအာင်းနမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ည ၈ နာရီ ၃၆ မိနစ်အချိန်တွင် လေကြောင်းဗုံးကြဲခဲ့ပြီး ကျေးရွာခံ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ကနဦးသတင်းအရ သိရှိရသည်။
“ကွမ်ဟယ်မှာ ကျတာတဲ့၊ ရွာထဲမှာကျတယ်၊ တိကျတော့မသိရသေးဘူး အခုက သေဆုံးတာ ၄ ယောက်လောက်ရှိတယ်၊ စာရင်းအရတော့ မသေချာသေးဘူး၊ သွားကြည့်နေတုန်းပဲ၊ အိမ်နှစ်အိမ်လဲ ထိတယ်” ဟု ဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာခံ အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံး၊ ၇ ဦးအထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ အိမ်အထက် ပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

မနေ့ည ၈ နာရီခွဲအချိန်တွင်လည်း နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာတွင် ပေါင် ၂၅၀ ဗုံးဖြင့် ၂ ကြိမ်ဗုံးကြဲခဲ့သောကြောင့် ၁၀ နှစ်ရွယ် လွေးနီလာအောင်၊ ၂၁ နှစ် လွေးစန်းစန်းဦး၊ ၂၁ နှစ် လွေးရီရီလှိုင်၊ ၃၅ နှစ် ဒေါ်အေးတောင်၊ ၄၂ နှစ် ကိုသန်းဇော်၊ ၄၇ နှစ် ဒေါ်အေးဟိန်း တို့ သေဆုံးခဲ့ပြီး ၄ နှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ ၃၃ နှစ် ဒေါ်အီအေး နှင့် ၆၈ နှစ် ဒေါ်စောယဉ်တို့ သည် ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နေအိမ် ၂၂ အိမ် အပြင် ဆိုင်ကယ် ၃ စီး ပါ ပျက်စီးခဲ့သည်။
ထို့အပြင် ကျောက်မဲမြို့နယ် မိုင်းငေါ့လမ်းမပေါ်ရှိ ၁၁ မိုင်ကျေးရွာတွင်လည်း ယနေ့ည ၉ နာရီဝန်းကျင်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို TWO မှ စုံစမ်းနေဆဲ ဖြစ်သည်။
“ရွာကနေတော့ အသံအကျယ်ကြီးကြားလိုက်ရတယ်၊ ညောင်မောင်းရွာဘက်မှာ ချတာလောက်ပဲလား ဘယ်နားမှာလဲတော့ တိကျမသိရဘူး၊ ၉ နာရီမထိုးခင်တုန်းက ကြားရတာ၊ ပြီးခဲ့တဲ့ ညောင်ကုန်းမှာချတုန်းကနေ ရွာအထိ အိမ်တွေတောင် လှုပ်ခါသွားတယ်၊ အရင်က အဲလောက်မကြောက်ပေမဲ့ အခုဆို အရမ်းကြောက်လာတယ်” ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးမှ ပြောသည်။
အလားတူ ယနေ့ညနေ ၅ နာရီခွဲအချိန် တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့နယ်(ခွဲ) နမ့်ခုံးကျေးရွာအုပ်စု လွယ်စုကျေးရွာနှင့် ပန်သေပြကျေးရွာကြား တောထဲတစ်နေရာတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၃၂ နှစ်အရွယ် ဒေါ်အေးပွင့်သည် တင်ပါးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထပ်မံသိရသည်။
ယနေ့ ၁၈ ရက်နေ့ တစ်ရက်တည်းတွင် တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် တအာင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်တည်ရှိသည့် နေရာများတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ် ပြုလုပ်သွားခဲ့သည်။











