ကျောက်မဲနယ် ၁၁ မိုင်ရွာ ဗုံးကြဲခံရမှုတွင် ဘုန်းကြီး ၁ ပါး ထိခိုက်ခဲ့ 

မနေ့ည အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်း ၈ နာရီ ခွဲအချိန်တွင် ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့အကြား လမ်းမကြီးပေါ်တွင် တည်ရှိသည့် ၁၁ မိုင်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲခဲ့သည်ဟု သိရသည်။ 

ထိုဗုံးကြဲမှုကြောင့် ဘုန်းကြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်၊ သာသနာဘုံအဆောင်နှင့် စေတီ ထိခိုက်ပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 

ဖြစ်စဉ်သိရှိသည့် ဒေသခံအမျိုးသား တစ်ဦးမှ “ ဘုန်းကြီးကတော့ ဗုံးအရှိန်က သူ့ကိုတိုက်လို့ အုတ်တွေက သူ့ကို ဖိသွားတာ၊ ကွန်ကရစ်တွေနှင့် ပိသွားတာ ဒဏ်ရာတွေတော့ အရမ်းကြီး ပြင်းထန်နေတာမျိုးတော့ မဟုတ်ဘူး” ဟု ပြောသည်။ 

ထိခိုက်ဒဏ်ရာရရှိသည့် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၀ နှစ် ရှိသည့် ဓနုလူမျိုး ဦးဝိမာလသည် လက်ရှိတွင် မိုင်းငေါ့ဆေးရုံတွင် ဆေးကုသနေသည်ဟု အထက်ပါ အမျိုးသားက ဆိုပါသည်။ 

ယနေ့ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် မိုင်းငေါ့မြို့နယ် လွယ်ပိန်းကျေးရွာ၏ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စကမမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့သောကြောင့် ဇရပ်နှင့် ဘုန်းကြီးကျောင်း ပျက်စီးဆုံးရှုံးခဲ့သည်။