နမ့်ဆန်မြို့ကို စကစ ဗုံးကြဲ၊ မီးသတ်ရုံးနှင့် နေအိမ် ပျက်စီးခဲ့
၁၉ ရက် အောက်တိုဘာလ ၂၀၂၅
ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန် နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ပေါင် ၂၅၀ ၁ လုံးဗုံးကြဲမှုကြောင့် ဒေသခံ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ့်ဆန်မြို့ မီးသတ်ရုံး၊ လက်ဖက်စက်ရုံ ၁ ရုံ၊ မီးသတ်ကား ၅ စီး၊ အိမ်စီးကား ၅ စီး အပြင် နေအိမ် ၂ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
နမ့်ဆန်ဒေသခံတစ်ဦးမှ “ နမ့်ဆန် မြို့ထဲမှာကျတာ၊ မီးသတ်ရုံးမှာ၊ အဲနားမှာဆို လူနေအိမ်တွေရှိတယ်၊ ကျောင်းတွေရှိတယ်၊ ဆိုင်တွေလဲရှိတယ်ကော၊ လူ ၂ ယောက်ထိတယ်၊ မီးသတ်ရုံးဝန်ထမ်းက လူ ၂ ယောက် ထိတယ်၊ အရမ်းကြီးတော့ စိုးရိမ်စရာမရှိဘူး” ဟု ပြောသည်။
အသက် ၂၈ နှစ် မိုင်းရွှေမိုးအောင် နှင့် ၂၅ နှစ် မိုင်းအခို တို့ နှစ်ဦးသည် ဦးခေါင်းထိမှန်သည့် ဒဏ်ရာ၊ မျက်နှာ နှင့် လက်တို့တွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။

မနေ့ည ၈ နာရီခွဲအချိန်တွင်လည်း နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာတွင် ပေါင် ၂၅၀ ဗုံးဖြင့် ၂ ကြိမ်ဗုံးကြဲခဲ့သောကြောင့် ၁၀ နှစ်ရွယ် လွေးနီလာအောင်၊ ၂၁ နှစ် လွေးစန်းစန်းဦး၊ ၂၁ နှစ် လွေးရီရီလှိုင်၊ ၃၅ နှစ် ဒေါ်အေးတောင်၊ ၄၂ နှစ် ကိုသန်းဇော်၊ ၄၇ နှစ် ဒေါ်အေးဟိန်း တို့ သေဆုံးခဲ့ပြီး ၄ နှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ ၃၃ နှစ် ဒေါ်အီအေး နှင့် ၆၈ နှစ် ဒေါ်စောယဉ်တို့ သည် ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နေအိမ် ၂၂ အိမ် အပြင် ဆိုင်ကယ် ၃ စီး ပါ ပျက်စီးခဲ့သည်။
အလားတူ ယနေ့ တစ်ချိန်တည်းတွင် တအာင်းဒေသ မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်တွင်လည်း လေကြောင်းဗုံးကြဲခဲ့ပြီး လူနေအိမ်ထိခိုက်ပြီး အမျိုးသမီး ၁ ဦး အနည်းငယ် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ထပ်မံသိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ထူထုနေထိုင်သည့် ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆက်တိုက်ဗုံးကြဲမှု လုပ်ဆောင်နေပါသည်။











