မန်တုံမြို့ပေါ် ရပ်ကွက်ထဲတွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံခဲ့ရ
၁၉ ရက် အောက်တိုဘာလ
ယနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် တအာင်းဒေသ မန်တုံမြို့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ တစ်ရက်တည်းတွင် နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက် မီးသတ်ရုံး နှင့် မိုင်းငေါ့မြို့နယ်(ခွဲ) လွယ်ပိန်းကျေးရွာတွင်လည်း တစ်ချိန်တည်းတွင် အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မန်တုံ ဒေသခံအမျိုးသမီးတစ်ဦးမှ “ နမ့်ဆန်ကို ကြဲပြီးမှ မန်တုံလာကြဲတာလားတောင် မသိတော့ဘူး၊ မန်တုံမှာ လူတွေ မထိလိုက်ဘူး၊ ဒီနေ့ တနင်္ဂနွေမို့လို့ ဘုရားကျောင်းသွားကြတာ ပုံမှန်ဆို အဲမှာလူတွေရှိတယ်၊ တစ်ယောက်ပဲ နဲနဲလေးရှထိတာပဲရှိတယ်၊ အနီးအနားက အိမ်တွေတော့ ထိခိုက်တာရှိတယ် “ ဟု ဆိုသည်။

အဆိုပါ ဗုံးကြဲမှုကြောင့် နေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသမီး တစ်ဦးသည် ညာဘက် လက်တွင် အနည်းငယ်ရှပ်ထိ ဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။
ယနေ့ တစ်ချိန်တည်းတွင် နမ့်ဆန်မြို့နယ် နမ္မဝေါရပ်ကွက် မီးသတ်ရုံးတွင်လည်းကောင်း၊ ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မိုင်းငေါ့မြို့နယ် လွယ်ပိန်းကျေးရွာ ဘုန်းကြီးကျောင်းကို လည်းကောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်၊ ဇရပ်၊ မီးသတ်ကား၊ လက်ဖက်စက်ရုံ၊ နေအိမ် နှင့် အိမ်စီးကား ထိခိုက်ပျက်စီးခဲ့သည်။











