မိုင်းငေါ့မြို့နယ် ကွမ်းစလန်းကျေးရွာ ဘုန်းကြီးကျောင်းကို စကစမှ ဦးတည်ဗုံးကြဲတိုက်ခိုက်၊ ကျောင်းအဆောင် အားလုံးနီးပါးပျက်စီး၊ ကလေး ၁ ဦးသေဆုံး 

၂၃ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ်

​ယနေ့ ၂၃ ရက်နေ့ နေ့လယ်ပိုင်း ၃ နာရီခွဲကျော်အချိန်တွင် ကျောက်မဲမြို့နယ် ကွမ်းစလန်းကျေးရွာ၏ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။ 

အကြမ်းဖက်စစ်ကောင်စီသည် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်(ခွဲ) ကွမ်းစလန်းကျေးရွာ၏ ဘုန်းကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းဆောင်၊ ဓမ္မာရုံနှင့် ဇရပ်ဆောင် အများအပြား ထိခိုက်ပျက်စီးခဲ့သည့်အပြင် ကလေး ၁ ဦး သေဆုံးပြီး ကျောင်းထိုင်ဆရာတော် ၁ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။ 

ကွမ်းစလန်းကျေးရွာ တာဝန်ရှိသူမှ “ကလေးတစ်ယောက်သေတယ် ပြီးတော့ ကျောင်းထိုင်ဆရာတော်ကို ထိတယ်၊ ဒဏ်ရာရတယ်၊ အခုက စာရင်းတွေလုပ်နေတုန်းပဲ အများကြီးထိတယ်ဆိုတော့ အခုထိစာရင်းတွေရှုပ်နေတုန်းပဲ၊ အိမ်တွေလဲထိတယ် ” ဟု ပြောသည်။ 

ဗုံးကြဲခြင်းကြောင့် အသက် ၁၂ နှစ် မိုင်းအာကာဖြိုးသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာသူများ၏ အချက်အလက်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက်စုံစမ်းဖော်ပြသွားမည် ဖြစ်သည်။ 

မိုင်းငေါ့မြို့နယ် ကွမ်းစလန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုတွင် ကလေး ၁ ဦးသေဆုံး၊ သံဃာတော်အပါ ၇ ဦး ထိခိုက်ဒဏ်ရာရ 

၂၃ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ် 

ယနေ့ နေ့လယ်ပိုင်း ၃ နာရီခွဲအချိန်တွင် ကျောက်မဲမြို့နယ် ကွမ်းစလန်းကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ကိုရင် ၃ ပါး နှင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေး ၁ ဦး သေဆုံးခဲ့သည်ဟု ကျေးရွာခံများထံမှ စုံစမ်းသိရှိရသည်။ 

အသက် ၁၂ နှစ်အရွယ် မိုင်းအာကာဖြိုးသည် ဗုံးကျည်အစအန ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။ 

ထိခိုက်ဒဏ်ရာရရှိသူများသည် အရှင်က္ကန္နက ၅၂ နှစ်သည် ရင်ဘတ်ဒဏ်ရာ၊ ၆၇ နှစ် အရှင်အလောကသည် ဦးခေါင်းဒဏ်ရာ နှင့် ၁၀ နှစ်အရွယ် သာမဏေအရှင်စံတိမာသည် မျက်နှာပြင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

ထို့အပြင် ရွာသားဖြစ်ကြသည့် အသက် ၉ နှစ်အရွယ် မိုင်းအောင်ကျော်လှိုင်သည် လက်ထိမှန်ဒဏ်ရာ၊ ၁၃ နှစ် လွေးထက်ထက်ဦးသည် ညာဘက်ပုခုံးဒဏ်ရာ၊ ၂၀ နှစ် လွေးအုန်းယဉ်သည် ညာဘက်လက်ဒဏ်ရာ နှင့် ၃၇ နှစ် မိုင်းခြိူဝ်းဇာရ်သည် မျက်နှာထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

ဗုံးကြဲခြင်းကြောင့် အရပ်သား နေအိမ် ၁၀ အိမ် နှင့် ကျေးရွာစာကြည့်တိုက်၊ ကျေးရွာဆေးပေးခန်း အပြင် ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ် နှင့် ဇရပ် တို့ ပြာကျပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ 

ဘုန်းကြီးကျောင်းဆောင် ၅ ဆောင်အနက် နေအိမ် ၁၀ အိမ် ထိခိုက်ပျက်စီးခဲ့သည်။ ၎င်းတို့မှာ တာအိုက်ဆွေ၊ ဒေါ်မအေး၊ ဒေါ်အင်ခမ်း၊ ဦးကျော်လှ၊ ဦးအိုက်အေး၊ ဒေါ်ရွှေညို၊ ဦးဆန်ဘ၊ ဦးမောင်စိန်၊ ဦးလှထွန်း နှင့် ဦးပေါ်လှဆွေ နေအိမ်တို့ ထိခိုက်ပျက်စီးခဲ့သည်။ 

ကိုးကားပုံ – ကျေးရွာတာဝန်ရှိသူပေးပို့