ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ ၁ ဦး ဒဏ်ရာရ 

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဒီနေ့မနက် ၆ နာရီမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပါတယ်။ 

ကျောက်မဲမြို့ ပိန္နဲကုန်းရွာမှာ ၃ လုံး ကျောက်တောင်ရပ်ကွက်ရှိ အမက (၁၃) စာသင်ကျောင်းတွင် ၁ လုံး ကြဲခဲ့ပြီး အသက် ၈၇ နှစ်အရွယ် ဒေသခံ အမျိုးသမီး ဒေါ်သိန်းမြဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒေသခံအမျိုးသားတစ်ဦးက “ ပိန္နဲကုန်းဘက်က နေအိမ်တွေ ထိတယ်။ နောက်ပြီးတော့ ကျားငါးကောင်ဆေးတိုက်အိမ်လဲ ထိတယ်။ ကျောက်တောင်ဘက်မှာလည်း ၁လုံးကျတယ် ဒါပေမဲ့ သွားမကြည့်ရသေးဘူး” လို့ ပြောပါတယ်။ 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ အိမ်နဲ့ ကြက်ခြံ ထိခိုက်ခဲ့တဲ့အပြင် အမက (၁၃) စာသင်ကျောင်းလဲ ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

၁၁ ရက်နေ့မှာလည်း ခရိုင်ရဲစခန်း၊ မြို့မရဲစခန်းနဲ့ မြို့ပြင်ရှိ ဟိုတယ်ကောလီမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟိုတယ်မှာစစ်ရှောင်လာတဲ့ နောင်ချိုဒေသခံ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ပုံ နှင့် သတင်းအရင်းအမြစ် – ကိုရန်နိုင်