မိုးကုတ်မြို့ကို စစ်ကောင်စီမှ ထပ်မံဗုံးကြဲခဲ့သောကြောင့် ပြည်သူ ၅ ဦးသေ၊ အနည်းဆုံး ၄ ဦး ဒဏ်ရာရ

၁၀ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ် 

တအာင်းအမျိုးသမီးအဖွဲ့အစည်း

တအာင်းတပ်မတော်- PSLF/TNLA မှ အုပ်ချုပ်ထားသည့် မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ပါသည်။

မနေ့ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် မိုးကုတ်မြို့နယ် အရှေ့ပိုင်း သဒွတ်သျှိူအုပ်စု၊ ကျောက်နဂါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲခဲ့ခြင်းကြောင့် ကျောက်နဂါးကျေးရွာ၏ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၀ အိမ် ထိခိုက်ပျက်စီးခဲ့သည့်အပြင် ကိုရင် ၁ ပါး အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး သံဃာတော် ၁ ပါးနှင့် အမျိုးသမီး ၃ ဦး တို့သည် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဒေသခံ တစ်ဦးမှ ” မနေ့ည ကျောက်နဂါးဘုန်းကြီးကျောင်းမှာကျတယ်။ ကိုရင်တစ်ပါး ထိပြီး ပျံလွန်တော်မူသွားတယ်။ ကျောင်းနီးနားက အိမ်တွေလည်း ထိတယ်။ အိမ်တွေတော့ ၅ အိမ်ထိတယ်။ အိမ်ထိတာ စာရင်းတိကျမသိရသေးဘူး၊ ကိုရင် အပါဆိုရင် သေတာ ၅ ဦးပေါ့” ဟု ပြောပါသည်။

ဦးထွန်းတင် ၇၃ နှစ်၊ ကိုရင် အရှင်သာမဏေဝိသာလ ၁၈ နှစ်၊ ဒေါ်ဖြူစင် ၃၂ နှစ်နှင့် သူ့၏ သားနှင့်သမီးဖြစ်သူ မောင်အောင်သူချစ် ၈ နှစ်၊ နှင်းဝတ်ရည်ဦး ၁၁ နှစ် တို့သည် သေဆုံးခဲ့သည်။

ထို့အပြင် သံဃာတော် ဦးပညာစာရသည် ခါးအနည်းငယ်ထိခိုက်ခြင်း၊ ဒေါ်သိန်းတင်သည် ပေါင်ပြတ်လုနီးပါးဒဏ်ရာရရှိခြင်း၊ မရှင်းရှင်းသည် ခေါင်းထိခိုက်ဒဏ်ရာရရှိခြင်း မစိုးစံဝေသည် ပေါင်အနည်းထိခိုက်ခြင်း  ဒဏ်ရာများဖြင့် ထိခိုက်ခဲ့ကြသည်။ 

တအာင်းအမျိုးသမီးအဖွဲ့အစည်း မှတ်တမ်းတင်ထားသည့် အချက်အလက်အရ မိုးကုတ်မြို့ကို တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားပြီးနောက် ဇန်နဝါရီလမှ ယနေ့ဩဂုတ်လ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၆ ကြိမ်အထိ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ 

ထို့နောက် လေကြောင်းဗုံးကြဲမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဩဂုတ်လ ၁၀ ရက်နေ့အထိ ၈ ဦးအပါ ၄၁ သေဆုံးခဲ့ပြီး ၇၈ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မှတ်တမ်းပုံ – ဒေသခံ 

#မိုးကုတ်မြို့

#ကျောက်နဂါးကျေးရွာ 

#လေကြောင်းဗုံးကြဲ

#ဘုန်းကြီးကျောင်းထိ 

#နေအိမ်ထိ 

#လူထိခိုက်သေဆုံး 

#TNLA