ကျောက်မဲတွင်လေယာဉ်ဗုံးကြဲမှုကြောင့်ဒဏ်ရာရခဲ့သည့်၅နှစ်အရွယ်မိန်ကလေးငယ် (၄)ကြိမ်မြောက်ခွဲစိတ်ကုသမှုခံယူနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၌ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် စကစမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ လက်ရှိအချိန်အထိ လားရှိုးဆေးရုံ၌ (၄) ကြိမ်မြောက် ခွဲစိတ်ကုသမှု ခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့တွင် ပင်တီးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ ပေါင်၅၀၀ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲသောကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များအနက် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၅ ဦး အထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် အသက် ၅ နှစ်အရွယ် မဖူးသဇင်ဦးမှာ ဦးခေါင်းတွင် ဗုံးစထိမှန်ခြင်း၊ ဝမ်းဗိုက်ပွင့်ထွက်ကာ အူလမ်းကြောင်းထိခိုက်ခြင်းနှင့် ခြေထောက်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ပြီး သူမ၏ အဘွားဖြစ်သူမှာလည်း ဤနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မှတ်တမ်းတင်ရရှိထားပါသည်။
ကာယကံရှင် မဖူးသဇင်ဦး၏ မိခင်ဖြစ်သူမှ “ကျမက အဲချိန် အိမ်သာသွားတော့ လွတ်သွားတယ် အမေ(ကလေးအဘွား)လဲ ပွဲချင်းပြီးသေသွားတယ် ထိခိုက်ဒဏ်ရာရတဲ့ သူတွေလဲများတယ် ဒါပေမဲ့ အကုန်လုံးနီးပါးက သက်သာကုန်ကျပြီး ကျမရဲ့သမီးဘဲ ကျန်တာ ခုနဲ့ဆိုရင် ခွဲတာက ၄ကြိမ်မြောက်ရှိပြီ”လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

မဖူးသဇင်ဦးသည် ဒဏ်ရာပြင်းထန်မှုကြောင့် ခြေမတစ်ဖက် ဖြတ်လိုက်ရသည့်အပြင်၊ ယမ်းဓာတ်ကြောင့် ထိခိုက်သွားသည့် အူလမ်းကြောင်းကို ပြန်လည်ကုသနိုင်ရန် လားရှိုးဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူနေရပြီး လက်ရှိတွင် ကလေးငယ်၏ ဆေးဝါးကုသစရိတ်အတွက် အကူအညီများ လိုအပ်နေကြောင်းလည်း သိရှိရသည်။
ရင်တွင်းခံစားချက်
(အချိန်တွင်နောက်ပြန်ဆုတ်လို့ရရင် နောက်ဆုတ်ခြင်တယ် အမေ့ကို ဆေးကုလို့ရခဲ့ရင်ကောင်းမှာဘဲဆိုတဲ့ စိတ်နဲ့လေ၊ ကလေးရဲ့အနာဂတ်လဲ မလှတော့ဘူးလေ ၊ ဒဏ်ရာကပျောက်သွားရင်တောင် အမာရွတ်က ကျန်နေခဲ့မှာ ကလေးတွေအများကြီးထဲမှ ကျမရဲ့ကလေးက ထိသွားတယ် တကယ်ပြောရရင် စိတ်နာတယ် ဘာမှလဲမတတ်နိုင်ဘူးလေ ပြည်သူထဲကပြည်သူဆိုတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး။)
တခြားမိသားစု
ပြီးခဲ့သည့် ၂၀ ရက် ဩဂုတ်လ ၂၀၂၅ ခုနှစ် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တိန်ကျေးရွာအုပ်စု၊ ပင်တီးကျေးရွာဘုန်းကြီးကျောင်းကို စကစမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ဒဏ်ရာရရှိသည့်အထဲတွင် ဒေါ်ခင်သောင်း၏မိသားစုလည်း ပါဝင်ကြောင်း ထပ်မံသိရပါသည်။
“ကျွန်မ အပါအဝင် ကျွန်မရဲ့သားရော သမီးပါ ဒဏ်ရာရှိတယ်။ ကျွန်မရဲ့ အမေကတော့ပွဲချင်းပြီးသေဆုံး သွားတယ်။ လေယာဉ်မကြာခဏလာတော့ အိမ်မှာမနေပဲ ဘုန်းကြီးကျောင်းမှာ ရှောင်နေကြတယ်။ ကြဲချတဲ့အချိန်က ကျမတို့ ဘုန်းကြီး ဆွမ်းကပ်တဲ့အချိန်ဖြစ်တယ်။” ဟု TWO ကိုပြောပါသည်။
ဒေါ်ခင်သောင်းသည် နံရိုးနှင့် ညာဖက်ခြေချောင်းတွင် ဒဏ်ရာရရှိကာ လက်ရှိချိန်ထိ ဆေးကုသမှုခံယူရန်လိုပြီး သမီးဖြစ်သူ နန်းလာဝ်ခမ်း အသက် ၅ နှစ်သည် လက်ရှိတွင် ဒဏ်ရာသက်သာပြီး ဖြစ်သော်လည်း သားဖြစ်သူ မောင်စိုင်းဆိုင်ဝမ်း အသက် ၃ နှစ်သည်ဦးခေါင်းတွင် ဗုံးအစများသည် ကျန်ရှိနေသောကြောင့် ဒုတိယအကြိမ် ဆေးကုသမှု ခံယူနေသည်ဟု ထပ်မံပြောပါသည်။
လက်ရှိတွင် ဒေါ်ခင်သောင်းမိသားစုသည် ကလေးအတွက် ဆေးကုသစရိတ်လိုအပ်သည့်အပြင် မိသားစု အတွင်း အလုပ်အကျွေးပေးမည့်သူ မရှိသည့်အတွက် စားဝတ်နေရေးပါ အခက်အခဲဖြစ်ကြောင်း သိရပါသည်။












Leave a Reply
Want to join the discussion?Feel free to contribute!