ကျောက်မဲမြို့ကို ယနေ့တစ်ရက်ထည်း လေကြောင်း ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခံရ
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် တစ်ရက်ထည်း ၂ ကြိမ် လေကြောင်းဗုံးကျဲတိုက်ခိုက်ခံခဲ့ရသည်။
ယနေ့ နေ့လည်ခင်း ၂ နာရီ ၃၀ မိနစ်အချိန်တွင် ၁ ကြိမ်၊ ယခုည ၈ နာရီ မိနစ် ၄၀ ခန့်တွင် နောက်ထပ် ၁ ကြိမ် ထပ်မံဗုံးကျဲတိုက်ခိုက်ခံရသည်ဟု သိရှိရသည်။
ဒေသခံအမျိုးသားတစ်ဦးမှ “ အခုပဲထပ်ချတာဟုတ်တယ်ဟေး၊ အတွဲလိုက်တွေချတာ၊ တောင်နောက် နဲ့ ငြိမ်းချမ်းရေးကုန်းဘက်မှာတဲ့ လောလောဆယ်တော့တိတိကျကျတော့ မသိသေးဘူး၊ အဲ့ဒါ ဒုတိယအခေါက်ပေါ့၊ ပစ်သွားတယ် ပြီးရင်ပြန်လှည့်လာတယ် ပြန်ပစ်တယ် ပြီးရင် ၅ မိနစ်လောက်ဝဲ ပြီးမှ အတွဲလိုက်ဒုံးပြန်လာပစ်တယ် ” ဟု ပြောသည်။
ကျောက်မဲမြို့ ရပ်ကွက် (၁) ရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းအနီး ယနေ့နေ့လည် ဗုံးကျဲတိုက်ခိုက်မှုတွင် မြို့ခံ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားနေအိမ်များလည်း အများအပြားထိခိုက်ပျက်စီးခဲ့သည်။
ပုံ – ဒေသခံ